တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးဦးဇော်အေးမောင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် မတ်လ (၁၉) ရက်နေ့၊ နေ့လယ်ပိုင်းတွင် မော်လမြိုင်မြို့ရှိ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် မွန်ပြည်နယ်အတွင်းရှိ တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တွေ့ဆုံအမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏စာပေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာများကိုဆောင်ရွက်ခြင်းနှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်တိုးတက်ခိုင်မာလာစေရေးအတွက် ကျန်းမာရေး၊ ပညာရေးနှင့် လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းတာဝန်များကို နိုင်ငံတော်က ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်အနက် လူမှုရေးဦးတည်ချက်ပါ တစ်နိုင်ငံလုံး အသိပညာအတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြု ပညာရှင်များထွန်းကားလာစေရေးတို့အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေး စနစ်ကို အကောင် အထည်ဖော်ဆောင်ရေးဆိုသည့် ဦးတည်ချက်ကို အထောက်အကူပြုစေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသားဘာသာစာပေ သင်ကြားမှုကို ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်နိုင်ရေးကိစ္စနှင့် တိုင်းရင်းသားများအတွက် တိုက်ရိုက်အကျိုးခံစား စေမည့် လုပ်ငန်းများကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ မြေလွတ်၊ မြေလတ်၊ မြေရိုင်းများတွင် ဆောင်ရွက်မည့်လုပ်ငန်းများတွင်လည်း တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာအရ သက်ဆိုင်သည့်မြေများ ပါဝင်မှုရှိ/မရှိ အချိန်နှင့်တပြေးညီ ကွင်းဆင်းစိစစ်ပြီး ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ မြေလွတ်၊ မြေလတ်၊ မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုကော်မတီသို့ သဘောထားမှတ်ချက်များ ပြန်ကြားဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၏ အဓိကလုပ်ငန်း ဖြစ်သည့် တိုင်းရင်းသားရေးရာနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် တိုင်းရင်းသားအချင်းချင်း (သို့မဟုတ်) တိုင်းရင်းသားလူမျိုးများအကြားဖြစ်ပွားသည့် အငြင်းပွားမှုများကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများထံ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တာဝန်ခွဲဝေအပ်နှင်းထားပြီး ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်စွာ တင်ပြဆောင်ရွက်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။
၎င်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တွေ့ဆုံအမှာစကားပြောကြားရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်မှ တိုင်းပြည်ငြိမ်းချမ်းသာယာမည်ဖြစ်ပြီး တိုင်းပြည်ငြိမ်းချမ်းသာယာမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ မွန်ပြည်နယ်သည် ရေခံ၊ မြေခံ ကောင်းမွန်သည့် အတွက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် နိုင်ငံတော်နှင့် မိမိတို့ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍမှ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း၊ (၂၈.၁၀.၂၀၂၂) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥပဒေ အမှတ်(၄၆/၂၀၂၂)ဖြင့် ပြဋ္ဌာန်းခဲ့သည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ တရားဝင်အသင်းအဖွဲ့မှတ်ပုံတင်ထားရှိရန် လိုအပ်ပါကြောင်း၊ အသင်းအဖွဲ့ မှတ်ပုံ တင်ထားရှိမှသာ ဥပဒေနှင့်အညီ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များအတွက် တရားဝင် အကူအညီပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါ သည်။
ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအခင်မောင်ဦးက မွန်ပြည်နယ်အတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် တိုဒေသအတွင်း ဖွံ့ဖြိုးရေး ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
၎င်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ ပါသည်။
ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့က မွန်၊ ကရင်၊ ဗမာ၊နှင့် ပအိုဝ်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအား တစ်ဖွဲ့လျှင် ထောက်ပံ့ငွေ ကျပ် (၅) သိန်းစီ အသီးသီး ပေးအပ်ထောက်ပံ့ခဲ့ပါသည်။
၎င်းနောက် ခေတ်အဆက်ဆက် မွန်တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်မှုဝတ်စုံများ ဝယ်ယူထိန်းသိမ်းရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည့် ကုမ္ပဏီများအား ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ် ဥပဒေချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။