မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် “ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ”ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၂) ရပ်ကွက်၊ အကွက်အမှတ်(၂၂)၊ ခပေါင်းရေကြည်ရပ်၌ ဖွင့်လှစ်လျက်ရှိပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းသည် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိ ဦးချစ်ဇော်လင်းနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများလိုက်ပါလျက် မတ်လ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၌ ဖွင့်လှစ်သည့် မော်တော် ဆိုင်ကယ်စက်ပြင်သင်တန်း(၂/၂၀၂၄)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား/သူများအနေဖြင့် စည်းစည်းလုံးလုံးနေထိုင်ရမည်ဖြစ်ကြောင်း၊ ကျောင်းနေကျောင်းစား (အခမဲ့) သင်တန်းဖြစ်သည့်အတွက်သင်တန်းပြီးဆုံးသည်အထိတက်ရောက်စေလိုပါကြောင်း၊ စင်တာမှ ချမှတ်ထားသောစည်းကမ်းများကိုလေးစားလိုက်နာရန်လိုကြောင်း၊ ယခုသင်တန်းကိုစိတ်ပါဝင် စားစွာသင်ယူကြပြီး သင်တန်းပြီးဆုံးသွားချိန်တွင်လည်း ပြန်လည်အသုံးချနိုင်သည်အထိ ပညာ ရပ်များအား စိတ်ပါဝင်စားစွာ သေချာသင်ကြားလေ့လာမှတ်သားရန်လိုပါကြောင်း အစကောင်းမှ အနှောင်းသေချာမည်ဆိုသည့်စကားအတိုင်း နေမှုထိုင်မှုမှအစ ယဉ်ကျေးသိမ်မွေ့ကြရန် လိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက အမှာစကားပြောကြားရာတွင် ဤသင်တန်းစင်တာကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သင်တန်းများကို တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းစင်တာမှ ချမှတ်ထားသည့် စည်းကမ်းချက်များကို သေချာစွာလိုက်နာကြစေလိုပါကြောင်း၊ သင်တန်းသားများအနေဖြင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ နိုင်ငံတော်အကြီးအကဲများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ တိုင်းရင်းသားလူမျိုးများ အပေါ်ထားရှိသည့်စေတနာများအားသိရှိနားလည်တန်ဖိုးထားစေလိုပါကြောင်း၊ မိမိတို့၏အပြုအမူ များသည် မိမိတို့တိုင်းရင်းသားမျိုးနွယ်စု၏ပုံရိပ်မှတစ်ဆင့်၊ ဌာနနှင့်နိုင်ငံတော် အပေါ်ထင်ဟပ်စေ မည်ဖြစ်၍ အပြုအမူများကို ဂရုတစိုက်ပြုမူနေထိုင်သင့်ပါကြောင်း၊ ယခုသင်တန်းမှ သင်ယူတတ် မြောက်သွားသောပညာရပ်အားလက်တွေ့အသုံးချပြီး ဆက်လက်ပြန့်ပွားနိုင်ရန် ကြိုးစားဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ သင်တန်းများ ဖြစ်မြောက်စေရန် ဆောင်ရွက်ပေးပါသော ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် သင်ကြားပေးပါသော ဆရာ/ဆရာမ အားလုံးကိုလည်း အထူးကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် သင်ထောက်ကူပစ္စည်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံး တာဝန်ခံ အရာရှိ၊ တိုင်းရင်းသားစားပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကယားပြည်နယ်ညွှန်ကြားရေးမှူးရုံး တာဝန်ခံအရာရှိနှင့် ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ တာဝန်ခံအရာရှိတို့ကပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးအောင်ကြည်ဝင်းသည် သင်တန်းစင်တာတွင် သင်တန်းသားများ သင်ကြား/သင်ယူနေမှုများကို လှည့်လှည်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါသင်တန်းကို (၁၁-၃-၂၀၂၄)ရက်နေ့မှ (၅-၄-၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ရှမ်းပြည်နယ်အတွင်းရှိ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ အင်းသား၊ ဗမာ၊ ကယား၊ ထနော့ စသည့် တိုင်းရင်းသားမျိုးနွယ်စုများမှ သင်တန်းသူ/သား(၂၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သတင်းရရှိပါသည်။