တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်း နေပြည်တော် မတ် ၅
နေပြည်တော် 2024-03-12
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများ၊ တာဝန်ရှိသူများတက်ရောက်ကြပြီး  ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများက Onlilne စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။ 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် အခမ်းအနားသည် (၁-၈-၂၀၂၃) ရက်နေ့မှ (၃၁-၁-၂၀၂၄) ရက်နေ့ထိ (၆) လပတ်ကာလအတွင်း ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်သည့်  အစည်းအဝေးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံး များမှ တာဝန်ခံများအနေဖြင့် မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်သင့်သည်များကို ပြင်ဆင်သွားကြရန် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများသည် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ၊ မူဝါဒများနှင့်အညီ တိုင်းရင်းသားရေးရာကိစ္စရပ်များကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေပါသဖြင့် ဝန်ထမ်းများ၏ လုပ်ငန်း စွမ်းဆောင်ရည် ပြည့်ဝမြင့်မားရေးသည်လည်း လွန်စွာအရေးကြီးပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အမျိုးသားစီမံကိန်းဥပဒေပါ လုပ်ငန်း ၂၄ ခုကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ရာနှုန်းပြည့်ပြီးစီးနိုင်ရေး အထူးကြပ်မတ် ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် (၆) လပတ် ကာလအတွင်း မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ အထောက်အပံ့ဖြင့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာ သင်တန်းစင်တာကို ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်၍ (၅-၂-၂၀၂၄) ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် သောင်တူးခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့ခြင်း ကိစ္စရပ်များ၊ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တိုင်းရင်းသားစာပေ သင်ကြားရေး အထောက်အကူပြု (TA) ဆရာ၊ ဆရာမများနှင့် တိုင်းရင်းသားစာပေသင် (LT) ဆရာ၊ ဆရာမများ ခန့်ထားနိုင်ခဲ့ခြင်းကိစ္စရပ်များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ တရားဝင် မှတ်ပုံတင်နိုင်ရေးကိစ္စရပ်များ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများကို မြန်မာ+တိုင်းရင်းသား ဘာသာများသို့ ပြန်ဆိုထုတ်ဝေနိုင်ခဲ့သည့် ကိစ္စရပ်များကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တာဝန်ခံများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန် များကို အချိန်မီပြီးစီး၍ အောင်မြင်ရန် ဆောင်ရွက်ကြစေလိုပါကြောင်း၊ နိုင်ငံတော်မှ ပြဋ္ဌာန်း ထားရှိသည့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာတွင် ဝန်ထမ်းများအားလုံး အောင်မြင်ထမြောက်အောင် မိမိတို့ကျရာ ကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပါသည်။

ထို့နောက် ဒုတိယဝန်ကြီးဦးဇော်အေးမောင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁)၊ အခြေခံမူများ၊ ပုဒ်မ ၆ (ခ) နှင့် ၂၂ တို့အရ  ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေအရ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနကို ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် တာဝန်ခံများအနေဖြင့် ပြည်ထောင်စု ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များအကြား ကောင်းမွန် ပြေလည်စွာ ဆက်ဆံနိုင်သော အရည်အချင်းရှိရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက် ရာတွင်လည်း မိမိကိုယ်မိမိ ယုံကြည်မှုရှိရန်၊ မိမိတို့ဝန်ကြီးဌာနကို တန်ဖိုးထားလေးစားရန်နှင့် မိမိတို့၏တာဝန်ဝတ္တရားများကို ကျေပွန်အောင် ဆောင်ရွက်ရန်ဖြစ်ပြီး စီမံအုပ်ချုပ်မှုကောင်းမွန် သူများဖြစ်ရန် ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ တာဝန်ခံများအနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈)၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေနှင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှု ဆိုင်ရာစည်းမျဉ်း (၃၅/၂၀၁၇)၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စာရင်းများ ပြုစုရေးဆွဲရေး နည်းစနစ်တို့ကို ကျေညက်စွာ ဖတ်ရှုသိရှိထားရန် လိုအပ်ပါကြောင်း၊ မိမိတို့ ကိုးကွယ် ယုံကြည်သည့် ဘာသာတရား အဆုံးအမများနှင့်အညီ ကိုယ်ကျင့်တရား ကောင်းမွန်အောင် ကျင့်ကြံနေထိုင်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ လုပ်ငန်းစွမ်းဆောင်ရည်များကို စဉ်ဆက်မပြတ် မြှင့်တင်ရန်နှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးတို့နှင့် အပြန်အလှန် အမှီသဟဲပြုနေသဖြင့် တိုင်းရင်းသား များ၏ အကျိုးစီးပွားကို ရှေ့ရှုဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ပြောကြားပါသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ထား ရှိမှုအခြေအနေများကို တင်ပြကြပါသည်။

ယင်းနောက် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံ အရာရှိများက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် တိုင်းရင်းသားရေးရာ အပါအဝင် အထွေထွေကိစ္စရပ်များကို တင်ပြဆွေးနွေးကြရာ တင်ပြချက်များအပေါ် ဒုတိယ ဝန်ကြီးက ခြုံငုံသုံးသပ်၍ ပေါင်းစပ်ညှိနှိုင်းပေးပါသည်။    

၎င်းနောက် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး၊ ပြည်နယ် တာဝန်ခံများအနေဖြင့် မိမိုတို့ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းကိစ္စများကို အားကြိုးမာန်တက်ဆွေးနွေးတင်ပြခြင်း၊ အကြံပြုတင်ပြခြင်းများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များ အတွင်းရှိ အရာထမ်း၊ အမှုထမ်းများ အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက် ကြရန်နှင့် လုံခြုံရေးအသိ၊ လုံခြုံသတိဖြင့် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သော ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသည့် ဒို့တာဝန် အရေး(၃)ပါး ကိုမမေ့လျော့ဘဲ နိုင်ငံသူ၊ နိုင်ငံသားများ မျှော်လင့်တောင့်တနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်တွင် မိမိတို့ကျရာ အခန်းကဏ္ဍမှ အားကြိုးမာန်တက် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းမှာကြားလိုပါကြောင်း နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို  ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။


Image
Image
Image
Image
Image
Image