ကရင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးဆောင်မှုဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် ဗမာတိုင်းရင်းသားလူမျိုးရေးရာအသင်းတို့ ပူးပေါင်းပြီး အခမ်းအနားမှူးသင်တန်း သင်တန်းဖွင့်ပွဲအခမ်းအနားကို မတ်လ(၅)ရက်နေ့က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက အခမ်းအနားမှူးသင်တန်းသို့ တက်ရောက်လာသည့် သင်တန်းသား/သင်တန်းသူများအား အခမ်းအနားမှူး သင်တန်းသည် အခမ်းအနားများဆောင်ရွက်ရာမှာ များစွာအထောက်အကူ ရရှိစေပြီး အကျိုးရှိစေသည့် သင်တန်းတစ်ခုဖြစ်သည့်အတွက် ယခုလိုအချိန်တိုအတွင်းမှာ နည်းပြဆရာ၏ သင်ကြားပေးမည့် သင်ခန်းစာများကို အလေးနက်ထားလိုက်နာ၍ မှတ်သားသင်ယူသွားကြစေလိုပါကြောင်း၊ မိမိတို့တိုင်းရင်းသားလူမျိုးများအတွက် နိုင်ငံကောင်းကျိုးအတွက် ကျရာအခန်းကဏ္ဍမှ ပါဝင်ပူးပေါင်း ဆောင်ရွက်စေလိုပါကြောင်းနှင့် သင်ကြားတတ်မြောက်ထားတဲ့ ပညာရပ်များဖြင့် နိုင်ငံတော်နှင့် လူမျိုးတို့ အတွက် တစ်ထောင့်တစ်နေရာမှ အကျိုးရှိရှိအသုံးချသွားစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုမှ ထောက်ပံ့ချီးမြှင့်ငွေကျပ်သိန်း(၂၀)တိတိအား ပေးအပ်ခဲ့ပြီး သင်တန်းနည်းပြဆရာ Sunday Ko Ko (MRTV Presenter) အား အမှတ်တရလက်ဆောင်ချီးမြှင့်ခဲ့ပါသည်။ အဆိုပါသင်တန်းကို မတ်လ(၅)ရက်နေ့မှ (၇)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ဌာနဆိုင်ရာအသီးသီးနှင့် စာပေနှင့်ယဉ်ကျေးမှုအသင်းများမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၇၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။