တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ဌာနတွင်း အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းမှူး၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကွန်ပျူတာ နည်းပညာသည် တတ်သင့်တတ်အပ်သည့် ပညာရပ်ဖြစ်သည့်အတွက် တတ်သင့်တတ်အပ်သည့် အတတ်ပညာများကို တတ်မြောက်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် စွမ်းအားစုတစ်ရပ်အဖြစ် ပါဝင်နိုင်ရေးနှင့် ကောင်းမွန်သည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ဖြစ်စေရေးတို့အတွက် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်၊ လူရွယ်၊ လူလတ်များ လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ၏ လုပ်ငန်းခွင် စွမ်းဆောင်ရည်နှင့် ကိုယ်ရည်ကိုယ်သွေးများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးခြင်းကို ဝန်ကြီးဌာန၏ အရေးကြီး ဦးစားပေး လုပ်ငန်းစဉ်များထဲမှ တစ်ခုအဖြစ်သတ်မှတ်ပြီး လိုအပ်သည့် အခြားသင်တန်းများကိုလည်း အလေးထားဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ယနေ့ ကမ္ဘာပေါ်တွင် နည်းပညာဖွံ့ဖြိုးမှုသည် တစ်နေ့ထက် တစ်နေ့ တိုးတက်ပြောင်းလဲနေပြီး ကမ္ဘာကြီးက ရွာကြီးတစ်ရွာသဖွယ် ကူးလူးဆက်ဆံမှုများ ပိုမိုလျင်မြန်လာနေသည်ကို အားလုံး အသိပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ ဝန်ကြီးဌာနတွင်းဖြစ်စေ၊ အခြား မိတ်ဖက်ဝန်ကြီးဌာနများနှင့် ဖြစ်စေ၊ ပြည်သူကို ဝန်ဆောင်မှုပေးရသည့် ဌာနများတွင်ဖြစ်စေ၊ နိုင်ငံတကာအစိုးရများနှင့် ဖြစ်စေ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူလျင်မြန်လာစေရန် ကွန်ပျူတာ စွမ်းရည်သည် မရှိမဖြစ်လိုအပ်နေပြီး အဆင့်မြင့်နည်းပညာများကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ ယခုသင်တန်းသည် အခြေခံမျှသာဖြစ်၍ ဆက်လက် လေ့လာသင်ယူမှု၊ လေ့ကျင့်မှုများ ပြုလုပ်သွားကြမည်ဆိုပါက ရုံးလုပ်ငန်းတွင် ကွန်ပျူတာ ကျွမ်းကျင်သည့် ဝန်ထမ်းများဖြစ်လာကြမည်ဟု ယုံကြည်ပါကြောင်း၊ သင်တန်းမှလေ့လာသင်ယူခဲ့သည့် သင်ခန်းစာများကို လက်တွေ့နယ်ပယ်တွင် စနစ်တကျ နည်းလမ်းမှန်ကန်စွာဖြင့် ပြန်လည်အသုံးချနိုင်ရေးအတွက် ဆက်လက်ကြိုးစားသွားကြရန် အလေးအနက် မှာကြားလိုပါကြောင်း၊ သင်တန်းသားများအနေဖြင့် အပြန်အလှန်လေးစားလိုက်နာခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်းများဖြင့် လေ့လာသင်ယူကြရန်ဖြစ်ပြီး မိမိဘဝတိုးတက်ရေးမှသည် မိမိဌာနတိုးတက်ရေး အပါအဝင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် စွမ်းအားစုတစ်ရပ်အနေဖြင့် သစ္စာရှိမှန်ကန်စွာဖြင့် အကျိုးရလဒ်ကောင်း မြောက်များစွာကို ဆောင်ကြဉ်းပေးနိုင်သော ပြည်သူ့ဝန်ထမ်းကောင်းများနှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်နိုင်ကြပါစေကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကွန်ပျူတာအကြောင်း သိကောင်း စရာများကို ပြောကြားပြီး၊ Information Technology (IT)ခေတ်တွင် ကွန်ပျူတာသည် မရှိမဖြစ် အသုံးဝင်၍ တတ်မြောက်ရန်လည်း လိုအပ်ပါကြောင်း၊ ကွန်ပျူတာအခြေခံကောင်း မှသာ ကွန်ပျူတာနှင့် ဆက်စပ်သော နည်းပညာများကို အကျိုးရှိစွာ အသုံးချပြီး အဆင့်မြင့် တက်လှမ်းနိုင်မည်ဖြစ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် နည်းပညာတိုးတက်မှုကြောင့် နိုင်ငံများ၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ တိုးတက်လာသည်ကို မြင်တွေ့ရမည် ဖြစ်ပါကြောင်း၊ ကွန်ပျူတာသည် ကမ္ဘာကြီးကို ကြီးစိုးသော Artificial Intelligence (AI) နည်းပညာတစ်ခု ဖြစ်ပြီး အခြေခံကွန်ပျူတာ တတ်မြောက်ပြီးပါက Chat GPT ကဲ့သို့ AI နည်းပညာများကို ဆက်လက်လေ့လာကြရန် တိုက်တွန်းလိုပါကြောင်း၊ ယနေ့ခေတ်တွင် အင်္ဂလိပ်စာ၊ အင်တာနက်၊ အိုင်တီ (Information Technology) တို့ကိုလည်း ကျွမ်းကျင်နှံ့စပ်စွာ တတ်မြောက်ထားရန် လိုအပ်ပါကြောင်း၊ ပညာရပ်တစ်ခုကို သင်ယူရာတွင် နောက်ကျသည်ဟူ၍ မရှိဘဲ စတင်သင်ယူ နိုင်ရန်သာ အရေးကြီးပြီး နောက်ဆုံးတွင် အောင်မြင်မှု၏ အသီးအပွင့်များကို ရရှိခံစားရမည်ဖြစ် ပါကြောင်း၊ သင်တန်းမှ ပို့ချခဲ့သည့် သင်ခန်းစာများကို လက်တွေ့နယ်ပယ်တွင် စဉ်ဆက်မပြတ် ပြန်လည်အသုံးချနိုင်ရေးအတွက် နိုင်ငံတော်က ထုတ်ပြန်ထားရှိသည့် ရုံးလုပ်ငန်း စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဂရုပြုပြီး ဆက်လက်ကြိုးစားသွားကြရန် အလေးအနက်ထား မှာကြားလိုပါကြောင်း ပြောကြားပါသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ယနေ့ဖွင့်လှစ်သည့်သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၃) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ (၄) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။