တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အမှုထမ်းများ ရုံးလုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)မှ သင်တန်းသား၊ သင်တန်းသူများက Online စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် အမှုထမ်းများအနေဖြင့် နိုင်ငံတော်နှင့်ပြည်သူများ၏ အကျိုးစီးပွားအတွက် တာဝန်ထမ်းဆောင်ရာတွင် အရည်အသွေးနှင့်လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ဖော် ဆောင်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည် မြင့်မားလာရေးကို ဦးတည်ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာနတွင်း သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်း၊ အခါအားလျော်စွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ခေါ်ယူသည့် သင်တန်းများအား တက်ရောက်စေခြင်းဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံသည် ပညာရေးနှင့် ကျန်းမာရေးတို့ပင်ဖြစ်ပါကြောင်း၊ အသိပညာ ဗဟုသုတနှင့် ကျွမ်းကျင်ပိုင်နိုင်မှုတို့သည် ဆက်စပ်လျက်ရှိသည့်အတွက် အသိပညာဗဟု သုတကို စဉ်ဆက်မပြတ်ရှာဖွေပြီး အပတ်တကုတ်လေ့ကျင့်သွားမည်ဆိုပါက လူတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်များ မြင့်မားလာနိုင်မည်ဖြစ်ပြီး ရုံးဌာနအသီးသီးတို့၏ လုပ်ငန်းတာဝန်များကို အမှားအယွင်းနည်းစွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ ဝန်ကြီးဌာန၏ ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ စံပြုလုပ်ထုံးလုပ်နည်းများကို ကျွမ်းကျင်နှံ့စပ်စွာ သိရှိထားခြင်းအားဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ပြီး ပြည်သူကို ဝန်ဆောင်မှုပေးရာတွင်ဖြစ်စေ၊ ပြည်သူတို့၏ ရပိုင်ခွင့် အခွင့်အလမ်းများကို အထောက်အကူပြုပေးရာတွင်ဖြစ်စေ ထိရောက်မှန်ကန်လာမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းတိုင်း ကျရာနေရာကဏ္ဍမှ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် စီမံချက်များရေးဆွဲပြီး စဉ်ဆက်မပြတ် သင်တန်းများဖွင့်လှစ်ဆောင်ရွက်နေရခြင်းဖြစ်ပါကြောင်း၊ အမှုထမ်းများအနေဖြင့် ပို့ချမည့် ဘာသာရပ်များအား ကောင်းမွန်စွာလေ့လာမှတ်သားပြီး လုပ်ငန်းခွင်တွင် ထိထိရောက်ရောက် မှန်ကန်စွာ လက်တွေ့ကျကျ အသုံးချ ဆောင်ရွက်နိုင်ရန် အထူးလိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် နိုင်ငံတော်အစိုးရ ကိုယ်စား တာဝန်ထမ်းဆောင်နေကြသူများဖြစ်ပါကြောင်း၊ အစိုးရနှင့်ပြည်သူများအကြား ပေါင်းကူးဆက်စပ်ပေးသည့် လူပုဂ္ဂိုလ်များ၊ ဌာနများဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို မှန်ကန်သစ္စာရှိစွာ ဖော်ဆောင်ပေးနိုင်သူများဖြစ်ရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်ကို ကောင်းစွာသိရှိနားလည်ပြီး ဝီရိယ၊ သစ္စာ၊ ဉာဏ၊ သမ္မာဓိရှိရှိဖြင့် နိုင်ငံ့ဝန်ထမ်းများအတွက် ပြဋ္ဌာန်းထားရှိသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထမ်းဆောင်တတ်သည့် ဝန်ထမ်းကောင်းများဖြစ်စေရန်နှင့် မိမိနိုင်ငံနှင့် ဝန်ကြီးဌာနအပေါ် သစ္စာရှိစွာဖြင့် စွမ်းဆောင်ရည်မြင့်မားမှုကို ပေါင်းစပ်ပြီး တက်တက်ကြွကြွ ကြိုးစားဆောင်ရွက်ကြရန် အထူးတိုက်တွန်း ပြောကြားလိုပါကြောင်း၊ ယခုသင်တန်းမှ လေ့ကျင့်သင်ကြားပေးမှုများကို လက်တွေ့နယ်ပယ်တွင် စဉ်ဆက်မပြတ် ကြိုးစားအားထုတ်သွားမှသာ အောင်မြင်မှုရရှိမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ အောင်မြင်ခြင်းသည် တိုင်းရင်းသားများနှင့် နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာမှ အထောက်အပံ့ဖြစ်စေမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချပေးလိုက်သည့် သင်ခန်းစာများ၊ ဘာသာရပ်များကို အခြေခံပြီး တစ်ဦးချင်းစီက ကိုယ်ပိုင်အရည်အချင်းများဖြင့် ကျရာနေရာ၊ ကျရာအခန်းကဏ္ဍမှ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးတည်ဆောက်ရာတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ်ပါဝင် ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း ပြောကြားပါသည်။
ယနေ့ဖွင့်လှစ်သည့်သင်တန်းသို့ သင်တန်းသား သင်တန်းသူ (၅၈) ဦး တက်ရောက်ကြပြီး သင်တန်းကာလကို ရက်သတ္တ(၂)ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။