မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)ကကြီးမှူး၍ (၇၇)ကြိမ်မြောက်မွန်အမျိုးသားနေ့ အခမ်းအနား ကို ဖေဖော်ဝါရီလ (၂၅)ရက်နေ့က ဒဂုံမြို့နယ် ရွှေတိဂုံဘုရားလမ်းရှိ မွန်ပိဋကတ်တိုက်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ မွန်စာပေနှင့်ယဉ်ကျေးမှု အသင်းမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ (၇၇)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကျင်းပ ရေးကော်မတီ(ရန်ကုန်) ဥက္ကဋ္ဌ နိုင်ခင်လတ်က အမှာစကားပြောကြားခဲ့ပြီး (၇၇) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ဗဟို)မှ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားခဲ့ပါသည်။ ဆက်လက်၍ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌ ဒေါက်တာမင်းခင်စိန်က နွေရာသီကာလအတွင်း မွန်စာပေနှင့်ယဉ်ကျေးမှုသင်တန်းများ ဖွင့်လှစ်နိုင်ရေးနှင့် အသက်(၇၅)နှစ်နှင့်အထက် မွန်သက်ကြီးပူဇော်ပွဲကျင်းပနိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။