မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)က ကြီးမှူး၍ (၇၇)ကြိမ်မြောက်မွန်အမျိုးသားနေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို ဖေဖော်ဝါရီလ (၂၄)ရက်နေ့က ကမာရွတ်မြို့နယ်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ၊ ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ မွန်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဧည့်သည် တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် မွန်စာပေနှင့်ယဉ်ကျေးမှု ကော်မတီ(ရန်ကုန်) ဉက္ကဌ ဒေါက်တာမင်းခင်စိန်က သုတေသနစာတမ်းဖတ်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့ပြီး စာတမ်းများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသမိုင်းကော်မရှင် ဒု-ဥက္ကဌ ဦးတိုးလှက ဆွေးနွေးသုံးသပ်ခဲ့ပါသည်။
ထို့နောက် သုတေသနစာတမ်းရှင် ဒေါက်တာလဲ့လဲ့ဝင်း ၊ နန်းကြည်ကြည်ခိုင်နှင့် နိုင်ဝင်းဗိုလ် တို့က စာတမ်းများ ဖတ်ကြားခဲ့ရာ တက်ရောက်လာသည့် ဧည့်သည်တော်များမှ မေးခွန်းများ အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။