တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီး၊ညွှန်ကြားရေးမှူးရုံးမှဦးစီး၍“တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိပညာ ပေးဟောပြောခြင်း နှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်” နှင့် “ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊ လက်သန့်ဆေးရည် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း' အခမ်းအနားကို (၁၃-၂-၂၀၂၄) ရက်နေ့တွင် လှည်းကူးမြို့နယ်၊ စာဘူးတောင်း ကျေးရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊နည်းဥပဒေများအားသိရှိနိုင်ရန်နှင့် ရပ်ရွာအခြေပြုအသက်မွေး ဝမ်းကျောင်း ပညာ လိုအပ်ချက်စစ်တမ်းကောက်ယူရ ခြင်းအကြောင်း တို့ကိုပြောကြားခဲ့ပါသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နီခင်က လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့်အိမ်ထောင်စုဇယားဆောင်ရွက်ရန် လိုအပ်မှုအခြေအနေ၊ ပန်းခင်းစီမံချက် ဆောင်ရွက်မှုအခြေ အနေ၊ တိုင်းရင်းသားလူငယ်များ ကျောင်းစတင်အပ်နှံချိန်မှစ၍ မိမိတို့လူမျိုးများ၏ ဝိသေသအရှေ့ဆောင်စကားလုံးများ ပါဝင်ထည့်သွင်း၍ ကျောင်းအမည်စာရင်းသွင်းရန် အကြောင်းတို့ကို လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးခင်ဇော်က လူငယ်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ အကြောင်းကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်စန်းမြင့်က လူငယ်ရေးရာမူဝါဒများ၊ လူမှုရေးပင်စင်အကြောင်းတို့ကိုလည်းကောင်း၊ သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက သမဝါယမဦးစီးဌာန၏ သမဝါယမ အကြောင်းသိကောင်းစရာများကို လည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲဇော်ထွန်းက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏အကြောင်း၊ အသေးစားစက်မှုနှင့် အသေးစားလက်မှုလုပ်ငန်းအကြောင်း၊ သင်တန်းဖွင့်လှစ်ပေးမှု အခြေအနေနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းတွင် သင်ကြားပေးမည့် အကြောင်းအရာများနှင့် အမျိုးအစားတို့ကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးငါးရယ်က ပုံပြပုံပြင်စာအုပ်ထုတ်ဝေပေးမှုနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအကြောင်း၊ တိုင်းရင်းသား ဘာသာသင် TA/LT ဆရာများ ခန့်ထားခြင်းဆိုင်ရာ အကြောင်းတို့ကို လည်းကောင်း ရှင်းလင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကိုဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာများအား ရှင်းလင်းခြင်းနှင့် စစ်တမ်းကောက်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား ( ၆၀ )ဦး ဖြေဆိုခဲ့ကြပါသည်။ အခမ်းအနားသို့ လှည်းကူးမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လှည်းကူးမြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။