တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းများတွေ့ဆုံပွဲ (၁/၂၀၂၄) ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်း ဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ကြီးဌာန၏ မျှော်မှန်းချက်ဖြစ်သည့် သတ်မှတ်ပြဋ္ဌာန်းထားရှိသော ဥပဒေနှင့်အညီ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာများကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းနှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်စေရေး ဆောင်ရွက် ရန်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ် (၃၀) ပါးနှင့် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆) ချက်တို့ကို စောင့်ထိန်း လိုက်နာရန်နှင့် ဌာနအကျိုး၊ နိုင်ငံ့အကျိုးကို ရှေ့ရှုပြီး ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ နိုင်ငံ့ဝန်ထမ်းကောင်းများပီပီ စနစ်တကျ လိုက်နာကျင့်သုံး ဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း၊ မိမိတို့တင်ပြလိုသည်များကို ယနေ့တွေ့ဆုံပွဲတွင် ပွင့်လင်းစွာတင်ပြစေလိုကြောင်း ပြောကြားပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအောင်မြင်စေရန် စိတ်ဓာတ်ခွန်အား ပေးလိုပါကြောင်း၊ ယနေ့ကမ္ဘာပေါ် တွင် နိုင်ငံများ၏ အမျိုးသားအကျိုးစီးပွားကြောင့် ဖြစ်ပေါ်နေသော ကမ္ဘာ့နိုင်ငံရေး အခြေအနေများ နှင့် စီးပွားရေးအခြေအနေများကို ရှင်းလင်း ပြောကြားပြီး အရာရာအပေါ်တွင် အကောင်းမြင်သည့် စိတ်ထားရှိရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်ရမည်ဖြစ်ပြီး ပေးအပ် သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် သဒ္ဓါ၊ သီလ၊ သတိ၊ သမာဓိ၊ ဝီရိယ၊ ပညာတို့ကို ကောင်းမွန်စွာ ဖြည့်ဆည်းကျင့်ကြံ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဌာနနှင့် နိုင်ငံတော်အပေါ် သစ္စာရှိပြီး နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆) ချက်တို့ကို စောင့်ထိန်းလိုက်နာရန်နှင့် ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များကို စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်အခြေခံလျက် နိုင်ငံ့အကျိုးကို ဝိုင်းဝန်းသယ်ပိုးကြပါရန် တိုက်တွန်းပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများက မိမိတို့၏ အခက်အခဲများ၊ လိုအပ်ချက်များကို တင်ပြကြရာ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့က ရှင်းလင်းဖြေကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြပါသည်။
ထို့နောက် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဝန်ထမ်း(၃) ဦးအား ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်တို့က အသီးသီးဆုများ ချီးမြှင့်ခဲ့ကြပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။