တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန စတုတ္ထအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရုံးအမှတ်(၁၄)၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ စုံညီစွာတက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲ ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှု ဓလေ့ပေါင်းစုံနှင့် ပြည့်နှက် နေသည့် နိုင်ငံတစ်ခုဖြစ်ပါကြောင်း၊ (၁၂) လရာသီပွဲတော်များကို ရာသီအလိုက်၊ လ အလိုက် ဆင်ယင်ကျင်းပ နေသည်ကို ယနေ့ထက်တိုင် စဉ်ဆက်မပြတ် မြင်တွေ့နေရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ကြသည့် တိုင်းပြည်ဖြစ်သဖြင့် ကျင်းပ ပြုလုပ်သည့် ပွဲတော်များသည်လည်း အများအားဖြင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုက တစ်ဆင့် မြစ်ဖျား ခံပြီး ဖြစ်ပေါ်လာသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ နှင်းရည်စိုရွှဲ တပို့တွဲလသည် မြန်မာလ တစ်ဆယ့်နှစ်လတွင် တစ်ဆယ့်တစ်လမြောက်ဖြစ်သော ကုံရာသီကာလဖြစ်ပါကြောင်း၊ ထန်းပင်မှ ထန်းပို့များ တွဲကျနေသောလဖြစ်၍ “ထန်းပို့တွဲ” မှ “တပို့တွဲ” ဟု ရွေ့လျားလာခြင်းဖြစ်ပါကြောင်း၊ တပို့တွဲလနှင့်အတူ ယှဉ်တွဲကျင်းပသည့်ပွဲတော်သည် ထမနဲထိုးပွဲဖြစ်ပါကြောင်း၊ ထမနဲသည် ကောက်ညှင်း၊ အုန်းသီး၊ နှမ်းဆီ၊ နှမ်း၊ မြေပဲ၊ ချင်း(ဂျင်း)တို့ကို စီမံပြုလုပ်ရပြီး စုပေါင်း၍ ပူးပေါင်းဆောင်ရွက်မှုကြောင့်ရရှိလာသော မြန်မာ့ရိုးရာအစားအစာတစ်မျိုး ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဦးစီးဌာနအလိုက် ပြိုင်ပွဲဝင်ကြမည့်သူများ အနေဖြင့် ထမနဲတွင် ပါဝင်မည့်ပစ္စည်းများ၏ အချိုးအစားကိုက်ညီမှု၊ ချိန်သားကိုက် လှုပ်ရှား ဆောင်ရွက် တတ်မှု၊ စည်းစည်းလုံးလုံးဆောင်ရွက်တတ်မှု၊ အဖွဲ့အစည်းစိတ်ဓာတ်ရှိမှု၊ စည်းကမ်း တကျရှိမှု၊ ရိုးရှင်းစွာယှဉ်ပြိုင်မှုတို့ကို ပြသသွားကြရန် အထူးတိုက်တွန်း ပြောကြားလိုပါကြောင်း၊ ထမနဲထိုး ပြိုင်ပွဲမှတဆင့် မိမိတို့၏ ဦးစီးဌာနကို ချစ်မြတ်နိုးသည့်စိတ်ဓာတ်၊ မိမိတို့၏ ဝန်ကြီး ဌာနကို ချစ်မြတ်နိုးဂုဏ်ယူသည့် စိတ်ဓာတ်၊ မိမိလူမျိုး၊ မိမိတိုင်းပြည်ကို ချစ်မြတ်နိုးသည့် စိတ်ဓာတ်များ တိုးတက်ဖြစ်ပေါ်လာအောင် မွေးမြူကြရန် တိုက်တွန်းလိုပါကြောင်း၊ ယဉ်ကျေးမှု ဆိုသည်မှာ အတိတ်မှ အမွေအနှစ်၊ ပစ္စုပ္ပန်တွင် အထိန်းအကွပ်၊ အနာဂတ်အတွက်အင်အားဟူ၍ ဆိုရိုးစကား ရှိပြီး ယဉ်ကျေးမှုကိစ္စအဝဝကို ထူထောင်နိုင်ရန်အတွက် မြန်မာ့ရိုးရာပွဲတော်များနှင့် ဓလေ့ ထုံးတမ်း များသည်လည်း တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ ရှေးမြန်မာမင်းများ လက် ထက်က ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်ကြငှန်းနှင့် တင့်တယ်ဝင့်ကြွားစွာ နေထိုင်ခဲ့ကြ သည်နှင့် အညီ မြန်မာ့ရိုးရာပွဲတော်များနှင့် ဓလေ့ထုံးတမ်းများကိုလည်း စဉ်ဆက်မပြတ် သတိပြုပြီး ဆက်လက် ထိန်းသိမ်းရမည်ဖြစ်ပါကြောင်း၊ ယဉ်ကျေးမှုဆိုသည်မှာလည်း လက်ခံ လိုက်နာ ကျင့်သုံး တဲ့သူတွေ မရှိတော့လျှင်၊ ရေများ မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသကဲ့သို့ မိမိ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်မည့်သူမရှိခဲ့လျှင် ထိန်းသိမ်းစောင့် ရှောက်မည့်နိုင်ငံ၊ တိုင်းပြည်များသို့ ကူးပြောင်း စီးဆင်းသွားမည်ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာ ပေါ်တွင် ကမ္ဘာလုံး ဆိုင်ရာ ကူးလူးဆက်နွယ်မှုအရ ယဉ်ကျေးမှုများ ရောယှက်လာသည်ကို မီဒီယာများတွင် တွေ့ရှိ လေ့လာနိုင်မည်ဖြစ်သည့်အပြင် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုူ ပွဲတော်များ၊ မြန်မာမှု၊ မြန်မာ့ ဟန်များ မပျောက်ပျက်အောင် မျိုးဆက်သစ်လူငယ်များအနေဖြင့် ဆက်လက်ထိန်းသိမ်းသွားရန် အထူးလိုအပ်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ ထုံးတမ်း၊ အစဉ်အလာများကို လေးစားလိုက်နာပြီး၊ အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံသည့် ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်ပါကြောင်း၊ သို့မှသာ မြန်မာ့ဓလေ့ထုံးစံများ ပျောက်ပျက် မသွားစေဘဲ ရေရှည်တည်တံ့၍ နောင်လာနောက်သား များသည် ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများနှင့် ဓလေ့ထုံးတမ်းများကို ချစ်မြတ်နိုး၍ အစဉ် တန်ဖိုးထား ထိန်းသိမ်းနိုင်မည် ဖြစ်ပါ ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများကလည်း တရားသော ယှဉ်ပြိုင်ခြင်းဖြင့် ကြိုးကြိုးစားစား ယှဉ်ပြိုင်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားပါ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မင်္ဂလာမောင်းတီးခတ်ပြီး ထမနဲထိုးပြိုင်ပွဲ စတင် ကြောင်း ကြေညာပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ထမနဲထိုး ယှဉ်ပြိုင်မည့်အဖွဲ့များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ထမနဲထိုးယှဉ်ပြိုင်နေမှုများကို လိုက်လံ ကြည့်ရှုအားပေးပါသည်။
ထမနဲထိုးပြိုင်ပွဲကို ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ စုစုပေါင်း အသင်း(၃)သင်း ပါဝင်ယှဉ်ပြိုင်ကြရာ ပထမဆုရရှိသော ပြည်ထောင်စုဝန်ကြီးရုံး အသင်းအား ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ကလည်းကောင်း၊ ဒုတိယဆု ရရှိသော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနအသင်းအား ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က လည်းကောင်း၊ တတိယဆုရရှိသော တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေး ဦးစီးဌာနအသင်းအား အမြဲတမ်းအတွင်းဝန်ကလည်းကောင်း အသီးသီးဆုများ ပေးအပ်ချီးမြှင့် ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများ၏ ဆုရရှိသော ထမနဲများဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ ပြိုင်ပွဲဝင်အဖွဲ့များသည် စည်းလုံးညီညွှတ်မှု အားကောင်းကောင်းဖြင့် တက်ကြွစွာပါဝင်ယှဉ်ပြိုင် ကြကာ ဝန်ထမ်းများကလည်း မြိုင်မြိုင်ဆိုင်ဆိုင် အားပေးခဲ့ကြကြောင်းသိရှိရသည်။