ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး စိန်ထွန်းလှနှင့်အတူ ဖေဖော်ဝါရီလ (၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံးတွင် တာဝန် ထမ်းဆောင်နေသောဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် တိုင်းရင်းသားလူမျိုးများရေးရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျမှန်ကန်စွာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ စနစ်တကျမှန်ကန်စွာသုံးစွဲရန်နှင့် အလေအလွင့်၊ ဆုံးရှုံးမှု၊ မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကိုလည်း အထူးအလေးဂရုပြုလိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မိမိတို့အရည်အချင်းကို စဉ်ဆက်မပြတ်တိုးတက်စေရန် ကြိုးစားရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များဆောင်ရွက်ရာတွင် နိုင်ငံတော်၏ မူဝါဒများ၊ ဝန်ကြီးဌာန၏မူဝါဒများ၊ မျှော်မှန်းချက် များနှင့်အညီ လုပ်ငန်းစဉ်များကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့ တာဝန်အရေး (၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံလျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့မှ မျှော်လင့်တောင့်တနေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများ အားလုံးက မိမိတို့ကျရာကဏ္ဍမှ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှက ချင်းပြည်နယ်အတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့်ပတ်သက်ပြီး ဆွေးနွေးတင်ပြကာ ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ တင်ပြချက်များနှင့် ဌာနဆိုင်ရာ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများသက်သက်ချောင်ချိရေးအတွက် ချင်း ပြည်နယ်ညွှန်ကြားရေးမှူးရုံး ဝန်ထမ်းများအား ထောက်ပံ့ငွေများနှင့် စားသောက်ကုန်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။