(၇၇) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းအဆင့်ဌာနဆိုင်ရာများအလိုက် ဂုဏ်ပြု ပြခန်းများအား အများပြည်သူများ လေ့လာကြည့်ရှုနိုင်ရန် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ ခင်းကျင်းပြသခဲ့ရာ ပြခန်းပေါင်း(၁၀၀)ခန်းပါရှိပြီး ယင်းပြခန်းများအနက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြခန်းသည်လည်း တစ်ခုအပါအဝင်ခင်းကျင်း ပြသဆောင်ရွက်လျက်ရှိပါသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပြခန်းတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားမျိုးနွယ်စုကြီး(၈)မျိုး၏ ရိုးရာဝတ်စား ဆင်ယင်ထုံးဖွဲ့မှုများ၊ ကရင်၊ ဗမာ၊ ချင်း၊ ရခိုင်တိုင်းရင်းသားတို့၏ရိုးရာအိမ်ပုံစံငယ်များ၊ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်အခမ်းအနား မှတ်တမ်းဓါတ်ပုံများနှင့် တိုင်းရင်းသားဘာသာစာပေသင်မွမ်းမံသင်တန်း ဖွင့်လှစ်သင်ကြားမှုမှတ်တမ်း ဓါတ်ပုံများ၊ ဝန်ကြီးဌာန၏ မျှော်မှန်းချက်(Vision) နှင့် ဦးစီးဌာန၏ဆောင်ပုဒ်များ၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသားမျိုးနွယ်စု (၁၃၅) မျိုးစာရင်းများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အတွင်း တိုင်းရင်းသား ဘာသာစာပေသင်ကြားခွင့်ရရှိသည့် စာပေ(၇၂)မျိုးစာရင်းများ၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုး များနေထိုင်ရာပြမြေပုံ၊ ကရင်ရိုးရာဖားစည်နှင့် အခြားရိုးရာတူရိယာအသုံးအဆောင်ပစ္စည်းများ၊ ရခိုင်ရိုးရာစည်တော်နှင့် အခြားရိုးရာတူရိယာအသုံးအဆောင်ပစ္စည်းများ၊ ချင်းတိုင်းရင်းသား ရိုးရာ တူရိယာအသုံးအဆောင်ပစ္စည်းများအား ခင်းကျင်းပြသဆောင်ရွက်ခဲ့ပါသည်။
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပြခန်းသို့ ကရင်၊ ရခိုင်၊ ချင်း တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအကအဖွဲ့များအပါအဝင် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် အများပြည်သူများ လာရောက်လေ့လာကြည့်ရှုခဲ့ကြပြီး ဉာဏ်စမ်းပဟေဠိများဖြေဆိုကာ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ ဝန်ကြီးဌာန၏ မူဝါဒ၊ မျှော်မှန်းချက်၊ ရည်မှန်းချက် များအကြောင်းပါဝင်သည့် လက်ကမ်းစာစောင်များနှင့် တိုင်းရင်းသားမျိုးနွယ်စုများအကြောင်းပါဝင်သည့် လက်ကမ်းစာစောင်များအား ဗဟုသုတရရှိနိုင်စေရေး ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။