တိုင်းရင်းသားရေးရာကိစ္စရပ်များကို နိုင်ငံတော်မှ ပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများ၏ ပဥ္စမအကြိမ် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး များ၊အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးသည် ပဉ္စမအကြိမ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄)ဖြစ်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ်များကို ညှိနှိုင်းဆွေးနွေးသွားကြရန် ဖြစ်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်တွင် အမျိုးသားစီမံကိန်းလုပ်ငန်းစဉ် (၂၀)ခု ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ၏ လမ်းညွှန်ချက်နှင့် မဲခေါင်-လန်ချန်းပူးပေါင်းစီမံကိန်းအရ တိုင်းရင်းသားများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပထမဦးစွာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၌ တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာကို (၅-၂-၂၀၂၄) ရက်နေ့တွင် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ ပါ ကြောင်း၊ ဒေသခံတိုင်းရင်းသားလူငယ်များအတွက် ကွန်ပျူတာသင်တန်း၊ မော်တော်ဆိုင်ကယ် စက်ပြင်သင်တန်းအပြင် ဒေသနှင့်သင့်လျော်ကိုက်ညီမှန်ကန်သည့် သက်မွေးပညာကာလတို သင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပို့ချ ပေးသွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တိုင်းရင်းသားစာပေသင်ကြားရေးအထောက်အကူပြု(Teaching Assistant -TA) ဆရာ၊ ဆရာမ နှင့် တိုင်းရင်းသားစာပေသင် (Language Teacher -LT) ဆရာ၊ ဆရာမ စုစုပေါင်း (၁၀၀၂၂) ဦး တို့ကို ခန့်ထားနိုင်ခဲ့ပြီး ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် TA နှင့် LT ဆရာ၊ ဆရာမများ ခန့်ထားနိုင်ရေး လျှောက်လွှာများကိုလည်း ထပ်မံစိစစ်ပေးပို့နိုင်ရေး ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းထားရှိပါကြောင်း၊ ဆက်လက်၍ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ပြော ကြားရာတွင် ရှမ်းပြည်နယ် တိုင်းရင်းသား ရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ”တွင် ဆက်လက်ဖွင့်လှစ်မည့် သက်မွေးပညာ သင်တန်းများနှင့် သင်တန်းသားရရှိရေးကိစ္စရပ်များ၊ TA/ LT ဆရာ၊ ဆရာမများ ခန့်ထားရေးနှင့် အပိုထောက်ပံ့ကြေး ခံစားခွင့်ကိစ္စရပ်များ၊ ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရေးစခန်း (IDP Camp)များမှ တိုင်းရင်းသားများအား လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးကိစ္စရပ်များ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်များပွဲတော်များ ကျင်းပ ခြင်း၊ တိုင်းရင်းသားရေးရာ ပြခန်းများ ခင်းကျင်းပြသခြင်းများအတွက် ကုန်ကျမည့်စရိတ်များ အား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နှစ်စဉ်ဘဏ္ဍာရန်ပုံငွေ မပျက်မကွက် ထည့်သွင်းရေးဆွဲရေး ကိစ္စရပ်များ၊ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းဆိုင်ရာ သဘောထားမှတ်ချက် တောင်းခံလာသည့် ကိစ္စရပ်များတွင် မြေပြင်ကွင်းဆင်းစိစစ်ရာ၌ သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့်ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ ဝန်ထမ်းများ လိုက်ပါကွင်းဆင်းနိုင်ရေးကိစ္စရပ်များ၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးနှင့် ဗလ ငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားရေးရာ အသိပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာ အခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်ဆောင်ရွက်ခြင်း ကိစ္စရပ် များ၊ တိုင်းရင်းသားများ၏ ရိုးရာဓလေ့ဖြတ်ထုံးများအား သုတေသနပြုမှတ်တမ်းတင်ခြင်း ဆိုင်ရာ ကိစ္စရပ်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖွဲ့စည်းထားရှိသည့် တိုင်းရင်းသား စာပေ နှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ တရားဝင်မှတ်ပုံတင်နိုင်ရေးကိစ္စရပ်များ စသည်တို့ အပေါ် တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများအနေဖြင့် လိုအပ်သည့် ပံ့ပိုးမှု များ နှင့် ညှိနှိုင်းပေါင်းစပ်မှုများ ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ တိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုကို ပိုမိုမြှင့်တင်ခြင်း၊ တိုင်းရင်းသားများရေးရာလုပ်ငန်းကိစ္စရပ်များကို ဥပဒေနှင့် အညီ ဆောင်ရွက်ပေးခြင်း၊ဖွံ့ဖြိုးမှုနည်းပါးသည့်ဒေသရှိတိုင်းရင်းသားများ၏ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး မြှင့်တင်ခြင်းလုပ်ငန်း တို့ကို ဆက်စပ်ဝန်ကြီး ဌာန များနှင့်အတူ ပေါင်းစပ်ညှိနှိုင်း၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် ပြောကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားယဉ်ကျေးမှုဆိုင်ရာ စာအုပ်စာတမ်း များကို တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးများ ကိုယ်စား ကချင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးတို့အား ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား အပြန်အလှန် ညှိနှိုင်း ဆွေးနွေးတင်ပြကြပါသည်။