ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီး၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၊ အခြေခံပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပုသိမ်မြို့၊ အ.ထ.က(၈)၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပုသိမ်မြို့၊ အ.ထ.က(၈) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမူက အဖွင့်အမှာ စကားပြောကြားပြီး ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ပြောကြားပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့ပါသည်။ ဆက်လက်၍ လူငယ်စကားဝိုင်း အစီအစဉ်တွင်ပါဝင်သည့် ကျောင်းသား၊ ကျောင်းသူများကလူငယ်နှင့်ကျန်းမာရေး၊လူငယ်နှင့်စာပေ၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်စာရိတ္တစသည့် အကြောင်းအရာများအား ဆွေးနွေးခြင်း၊ ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
ထို့နောက် ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခြင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးကျော့ရီက လူငယ်စကားဝိုင်း အစီအစဉ်တွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်၍ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။