တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် ၁/၂၀၂၄ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ နေပြည်တော် ဖေဖော်ဝါရီ ၉ ရက်
နေပြည်တော် 2024-02-13
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် ၁/၂၀၂၄ သင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီ  ၉  ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ သင်တန်းသား၊ သင်တန်းသူများက အွန်လိုင်းမှ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁/၂၀၂၄) ကို သင်တန်းသား (၅၇) ဦးဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး ဤသင်တန်းဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ပါဝင်ပံ့ပိုးခဲ့ကြသော တာဝန်ရှိပုဂ္ဂိုလ်များကို ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် နိုင်ငံတော်အစိုးရကိုယ်စား တာဝန်ထမ်းဆောင်နေကြသူများဖြစ်ပါကြောင်း၊ အစိုးရနှင့် ပြည်သူများအကြား ပေါင်းကူးဆက်စပ်ပေးသည့် လူပုဂ္ဂိုလ်များ၊ ဌာနများဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွားကို မှန်ကန်သစ္စာရှိစွာ ဖော်ဆောင်ပေးသူများဖြစ်ပါကြောင်း၊ သင်တန်းသူ သင်တန်းသားများအနေဖြင့် မိမိတို့၏ ဌာနဆိုင်ရာလုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ အတွေ့အကြုံရှိပြီး အရည်အသွေးနှင့် အရည်အချင်းပြည့်ဝကာ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားပြီး ကျွမ်းကျင်သူပညာရှင်များ ဖြစ်လာရန်လိုအပ်ပါကြောင်း၊ မိမိတို့ တာဝန်ထမ်းဆောင်နေသည့် နေရာဒေသနှင့် တိုင်းဒေသကြီး/ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အားကောင်းလာစေရန် ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ ဤသင်တန်း တက်ရောက်သင်ကြားခဲ့ခြင်းအားဖြင့် မိမိတို့ဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေလုပ်ထုံးလုပ်နည်းများကို စနစ်တကျ သိရှိထားမှသာ လုပ်ငန်းများဆောင်ရွက်ရာတွင်ဖြစ်စေ၊ ပြည်သူများကို ဝန်ဆောင်မှုပေးရာတွင်ဖြစ်စေ၊ ပြည်သူတို့၏ ရပိုင်ခွင့် အခွင့်အလမ်းများကို အထောက်အကူပြုပေးရာတွင်ဖြစ်စေ ထိရောက်စွာ ဆောင်ရွက်လာနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့်ဝန်ကြီးဌာနအတွက် အားကိုးအားထား ပြုရမည့် ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် စဉ်ဆက်မပြတ် အမြဲကြိုးစားရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် အဖွဲ့အစည်းနှင့် ဆောင်ရွက်ရသည်ဖြစ်ရာ အဖွဲ့အစည်းအတွင်း တာဝန်ခွဲဝေယူတတ်ခြင်း၊ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ တာဝန်ယူခြင်း၊ တာဝန်ခံခြင်းစသည့် စိတ်ဓာတ်များရှိနေရန် လိုအပ်ပါကြောင်း၊ ရဲဘော်ရဲဘက်စိတ်ဓာတ် ရှိရမည်ဖြစ်ပြီး သို့မှသာ ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များကို ရာနှုန်းပြည့်နီးပါး အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အဓိကထား၍ ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပြီး ဝန်ထမ်းများအနေဖြင့် စံနမူနာပြဖြစ်အောင် ကြိုးစားနေထိုင်သွားကြရန်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းတွင် သင်ကြားပို့ချခဲ့သည့် သင်ခန်းစာများ၊ ဌာနနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများ၊ စီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေး ဆိုင်ရာကိစ္စရပ်များ၊ ဗဟုသုတများကို သေချာစွာ လေ့လာမှတ်သားလိုက်နာပြီး နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များတွင် ဖွင့်လှစ်သော သင်တန်းများတွင်လည်း အဆင့်မြင့်မြင့် အောင်မြင်စေရေး ကြိုးစားကြရန် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ မွန်မြတ်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြရာတွင် ဗလငါးတန်တွင်ပါဝင်သော ကာယဗလဖြစ်သည့် ကိုယ်၏စွမ်းအား၊ ဉာဏဗလဖြစ်သည့် စိတ်၏စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေး ပုံမှန်စဉ်ဆက်မပြတ်   မိမိကိုယ်ကိုမိမိ ကြိုးစားအားထုတ်ပြီး   နိုင်ငံတော်က ရည်မှန်းထားရှိသည့် ဝန်ထမ်းအုပ်ချုပ်မှု စနစ်ကောင်းမွန်စေရေး ကြိုးစားသွားကြရန်ဖြစ်ပါကြောင်း၊“တတ်သိပညာ မလေ့လာ မကြာမရှည်ပျောက်တတ် သည်”ဆိုသည့်အတိုင်း လေ့လာသင်ကြားထားသည်များကို ပြန်လည် မလေ့လာပါကမေ့လျော့ သွားတတ်ပါကြောင်း၊ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်”ဆောင်ပုဒ်ရှိသည်နှင့်အညီ မိမိတို့ ကျရာကဏ္ဍမှ လုပ်ငန်းတာဝန်များကို အားကြိုးမာန်တက် ထမ်းဆောင်ပေးကြစေလိုပါကြောင်း တိုက်တွန်းပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသား(၁)ဦးကလည်းကောင်း၊ သင်တန်းသူများကိုယ်စား သင်တန်းသူ (၁) ဦးကလည်းကောင်း လက်ခံရယူကြပါသည်။
ထို့နောက် သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသား (၁) ဦးက ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

Image
Image
Image
Image
Image
Image