တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရှမ်းပြည်နယ်နှင့်ကယားပြည်နယ် ညွှန်ကြားရေးမှူးရုံးတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံ အမှာစကားပြောကြား တောင်ကြီး ဖေဖော်ဝါရီ (၆)
ရှမ်းပြည်နယ် 2024-02-07
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည်  ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီလ (၆) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ တောင်ကြီး-ဟိုပုံး    သွားလမ်းမဘေးရှိ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပါသည်။

၎င်းနောက် ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးနှင့် ကယားပြည်နယ် ညွှန်ကြားရေးမှူးရုံးတို့မှ အရာထမ်း၊ အမှုထမ်းများကို အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားခဲ့ပါသည်။

          ပထမဦးစွာ ဝန်ထမ်းများက တစ်ဦးချင်းမိတ်ဆက်တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကား ပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကိုလည်း အထူးအလေးဂရုပြု လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများတို့သည် တိုင်းရင်းသားလူမျိုးများရေးရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဋ္ဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျမှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန်အရေး (၃) ပါးကို မထိခိုက်စေဘဲ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံလျက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့မှ မျှော်လင့်တောင့်တနေသည့် တိုင်းပြည် သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ  ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်  တိုက်တွန်းပြောကြားခဲ့ပါသည်။

          ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများအား တွေ့ဆုံ အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ကမ္ဘာ့ပထဝီနိုင်ငံရေး၊ မြန်မာ့နိုင်ငံရေး သမိုင်း နောက်ခံအချက်အလက်များကို သိရှိထားနိုင်ရန်နှင့် သင်ခန်းစာများရယူနိုင်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ငြိမ်းချမ်းစေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးကို ဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ထားရန် လိုအပ်ပြီး စာရင်းစစ်ဆေးခံနိုင်ရန်အတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းမြေယာများ အသုံးပြုရန် လျှောက်ထားလာသည့် မြေလွှတ်၊ မြေလပ်နှင့် မြေရိုင်းဆိုင်ရာကိစ္စရပ်များကို  အမြန်ဆုံးပြီးစီး‌အောင် ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ အသင်းအဖွဲ့မှတ်ပုံတင်သည့်အခါတွင် သေချာစိစစ်ရန်နှင့် ကူညီဆောင်ရွက်ပေးရန်လိုပါကြောင်း၊ သဘာဝဘေးနှင့် လုံခြုံရေးအတွက်လည်း အထူးဂရုပြုကြရန်လိုပါကြောင်း၊ ရုံးလုပ်ငန်းများ ပီပြင်အောင်ဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းစည်းလုံးလုံးဖြင့် အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြရန်မှာကြားလို ပါကြောင်း ပြောကြားခဲ့ပါသည်။

          ၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အထွေထွေဆွေးနွေးပြီး ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ဖြည့်စွက် ဆွေးနွေးတင်ပြခဲ့ပါသည်။

          ယင်းနောက် ဝန်ထမ်းများက လုပ်ငန်းလိုအပ်ချက်များကို အထွေထွေဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဝန်ထမ်းများ၏ တင်ပြချက်များနှင့် ဌာနဆိုင်ရာ လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းများသက်သက် ချောင်ချိရေးအတွက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ရှမ်းပြည်နယ်နှင့် ကယား ပြည်နယ် ညွှန်ကြားရေးမှူးရုံး ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image