(၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်၊ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာအဆောက်အအုံ ဖွင့်ပွဲအခမ်းအနားကျင်းပ တောင်ကြီး ဖေဖော်ဝါရီ (၅)
ရှမ်းပြည်နယ် 2024-02-07
Image

၂၀၂၄ ခုနှစ်၊ ဖော်ဖော်ဝါရီလ (၇) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်၊ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ အဆောက်အအုံ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၅) ရက်နေ့ နံနက်(၀၉:၃၀)နာရီတွင် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ခပေါင်းရေကြည် ရပ်ကွက်ရှိ အဆိုပါအဆောက်အအုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာ ဘရွှေ၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းသိန်းဇံ၊ ဒေါက်တာ စိုးဝင်း၊ Jeng Phang နော်တောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံမှူးကြီး ဒေါက်တာ ကျန်းကျိဟုန်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဒေါက်တာအေးထွန်း၊ ဦးဇော်အေးမောင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  နိုင်ငံခြားရေး ဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့(မြန်မာ)မှ ဒုတိယဥက္ကဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသူများနှင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများ တက်ရောက်ကြပါသည်။

ပထမဦးစွာ ရှမ်းပြည်နယ်၊ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ အဆောက်အအုံကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းသိန်းဇံ၊ ဒေါက်တာ စိုးဝင်း၊ Jeng Phang နော်တောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံမှူးကြီး ဒေါက်တာ ကျန်းကျိဟုန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဒေါက်တာအေးထွန်း၊ ဦးဇော်အေးမောင်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲချုပ်တင်ကိုကိုနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ခွန်စံလွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံမှူးကြီး ဒေါက်တာ ကျန်းကျိဟုန်တို့က စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ကာ အမွေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကြပါသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဧည့်သည်တော်များသည် စင်တာပင်မလေးထပ်ဆောင် ကဗ္ဗည်းမော်ကွန်းအား အမွေးနံ့သာရည်များ ပက်ဖျန်းပေးကြပါသည်။

အခမ်းအနားအစီအစဉ်   ဒုတိယပိုင်းကို  ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  ဒေါက်တာ ဘရွှေက  အဖွင့်အမှာစကား    ပြောကြားရာတွင်  မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အဓိကရည်ရွယ်ချက်သည် မဲခေါင်ဒေသတွင်းနိုင်ငံများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို  အထောက်အကူပြုပြီး သာယာဝပြောမှုကိုတိုးမြှင့်ပေးရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကွာဟနေခြင်းကို လျှော့ချသွားရန်၊ အာဆီယံအသိုက်အဝန်းတည်ထောင်မှုကို အထောက်အကူပြုရန်၊ ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်၏ ၂၀၃၀ ရည်မှန်းချက်များကို တိုးမြှင့်အကောင်အထည်ဖော်သွားရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်သွားရန်စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မဲခေါင်မိသားစု ဆိုသည့်အယူအဆကို လက်တွေ့စတင်အကောင်အထည်ဖော်ခဲ့သည့် ဘူမိနက်သန်နေရာက  မြန်မာနိုင်ငံပင်ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်၌ နေပြည်တော်တွင်  ကျင်းပပြုလုပ်ခဲ့သည့် (၁၇)ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးတွင် မဲခေါင်ဒေသတွင်း နိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟနေခြင်းကို လျှော့ချရန်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိရန်အတွက် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန်လိုအပ်ကြောင်း   ထိုင်းနိုင်ငံက   ဆွေးနွေးမှုအပေါ် အခြေခံပြီး မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်ကြသည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်တစ်ရပ် ထူထောင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံက အဆိုပြုခဲ့တာဖြစ်ပါကြောင်း၊ ၂၀၁၅ ခုနှစ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျင်းဟုန်မြို့တွင် ကျင်းပခဲ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ် အစည်းအဝေးတွင် နိုင်ငံရေးနှင့် လုံခြုံရေးမဏ္ဍိုင်၊ စီးပွားရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးမဏ္ဍိုင်နှင့် လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံရေးမဏ္ဍိုင်စသည့် မဏ္ဍိုင် (၃)ခုနှင့် ဖွဲ့စည်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြတာဖြစ်ပါကြောင်း၊ အဆိုပါ မဏ္ဍိုင် (၃)ခုအပြင် မဲခေါင်-လန်ချန်း အောက်တွင် ပေါင်းစည်းဆက်နွှယ်မှု၊ ထုတ်လုပ်မှုစွမ်းရည်တိုးမြှင့်ရေး ပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရေအရင်းအမြစ်ဆိုင်ရာ    ပူးပေါင်းဆောင်ရွက်မှု၊   စိုက်ပျိုးရေးနှင့်    ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စသည့် ဦးစားပေးနယ်ပယ် (၅)ခု သတ်မှတ်ပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ၏ အထောက်အပံ့ဖြင့် စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ယနေ့ အခမ်းအနားကျင်းပလျက်ရှိသည့် ရှမ်းပြည်နယ်၊ တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာကို မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေနှင့် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်တန်းစင်တာတွင် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှုများ ဆွေးနွေးဖလှယ်ခြင်း၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန် ဆောင်ရွက်ခြင်း၊ တိုင်းရင်းသားများ၏ အသိပညာများ မြှင့်တင်ပေးခြင်း၊ မျှဝေခြင်းစသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဆောင်ရွက်နိုင်ရန်နှင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားများအားလုံး လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူပြုဖြစ်စေမည့် အသက်မွေး ဝမ်းကျောင်းပညာသင်တန်းများ၊ တိုင်းရင်းသားရိုးရာလက်မှုပညာ သင်တန်းများ စသည် တို့ကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်များဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊

နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားပြည်သူများအားလုံး၏ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေးစရိုက်လက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ဖွံ့ဖြိုးတိုးတက်စေရန်နှင့်  မြှင့်တင်နိုင်ရန် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊  တိုင်းရင်းသားများ၏ အသိပညာ၊ အတတ်ပညာများ၊ အသက်မွေးဝမ်းကျောင်း ပညာများ မြင့်မားတိုးတက်လာမှသာ  နိုင်ငံတော်က   ဦးတည်ဆောင်ရွက်လျက်ရှိသော  MSME    စက်မှုလုပ်ငန်းများ    အားပေးဆောင်ရွက်ခြင်းကဏ္ဍကိုလည်း ပိုမိုမြှင့်တင်နိုင်မှာဖြစ်မည်ကို ပြောကြားလိုပါကြောင်း၊ ထို့အပြင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ မြင့်မားစေရေးတို့ကို လုပ်ငန်းစဉ်ချမှတ်၍ ဆောင်ရွက် လျက်ရှိကြောင်းကိုလည်း ပြောကြားလိုပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေနှင့် နိုင်ငံတော်၏ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက် ပြီးစီးခဲ့သည့် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာတွင် ဆောင်ရွက်မည့် လုပ်ငန်းများ၏  ရည်ရွယ်ချက်ပါအတိုင်း   အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ် ပါကြောင်း၊ တိုင်းရင်းသားလူမျိုးအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်ရင်းနှီးရေးတို့အပြင် လူမှုစီးပွားဘဝမြှင့်တင်ရေးအတွက် အထောက်အကူပြုသည့် အသက်မွေးဝမ်းကျောင်း ပညာ ရပ်များ၊ တိုင်းရင်းသားရိုးရာလက်မှုအတတ်ပညာများကို စနစ်တကျ မျှဝေသင်ယူ တတ်မြောက်အောင်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံးနှင့် တိုင်းရင်းသားပြည်သူများအားလုံးက ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ရှမ်းပြည်နယ် တိုင်းရင်းသား ရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ၏ ပင်မ (၂) ထပ်အဆောက်အဦ၊ အလုပ်ရုံ၊ ထမင်းစားဆောင်၊ သင်ထောက်ကူပစ္စည်းများနှင့် ပရိဘောဂစသည်များကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ  ကျပ်သန်းပေါင်း ၁၅၅၃.၂၄၃ (အမေရိကန်ဒေါ်လာ ၇၄၁,၈၀၀) အထောက်အပံ့ဖြင့်လည်းကောင်း၊ သင်တန်းသားများ ပိုမိုလက်ခံနိုင်ရေးအတွက် သင်တန်းစင်တာ၏ ဒုတိယထပ်နှင့် တတိယထပ်ကို နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ ကျပ်သန်း ပေါင်း ၇၈၅.၇၃၅ ဖြင့် လည်းကောင်း အကောင်အထည်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး စနစ်တကျ တင်ဒါစည်းမျဉ်းများနှင့်အညီ အောင်မြင်ခဲ့သည့် မိုးယံဝင့်ချီကုမ္ပဏီလိမိတက်က တာဝန်ယူ တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထပ်တိုးသည့် သင်တန်းသားများအတွက် လိုအပ်နေ သေးသည့် သင်ထောက်ကူပစ္စည်းများနှင့် ပရိဘောဂများကိုလည်း ဆက်လက်ဖြည့်တင်း သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ပြည်နယ်အလိုက် တိုင်းရင်းသား ဒေသများတွင် လိုအပ်လျက်ရှိသည့် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများကို ဖွင့်လှစ် ပို့ချပေးလျက်ရှိပါကြောင်း၊ ယခုရှမ်းပြည်နယ်တွင် စင်တာအဆောက်အအုံကို တရားဝင်ဖွင့်လှစ်နိုင်ပြီဖြစ်သည့်အတွက် တိုင်းရင်းသားလူငယ်များအတွက် ကွန်ပျူတာသင်တန်း၊ မော်တော်ဆိုင်ကယ်စက်ပြင် သင်တန်းနှင့် ဒေသနှင့်ကိုက်ညီသင့်မြတ်လျော်ကန်မည့် သက်မွေးပညာ ကာလတို သင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပါကြောင်း၊ သက်မွေးပညာကာလတိုသင်တန်းများ ဖွင့်လှစ်ပို့ချရန်အတွက် လိုအပ်သည့် ဘဏ္ဍာငွေကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဘတ်ဂျက်ထဲတွင် ထည့်သွင်းရေးဆွဲထားပြီးဖြစ်သလို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဘတ်ဂျက်မှာလည်း ထည့်သွင်းရေးဆွဲပြီး ပံ့ပိုးကူညီပေးစေလိုပါကြောင်း၊ ထို့အပြင် နည်းပညာအကူအညီ၊ သင်တန်းနည်းပြစသည် များကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊  ယနေ့ဖွင့်လှစ်သည့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာစင်တာ အဆောက်အအုံသည် ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ထောင်စုစိတ်ဓါတ် ခိုင်မြဲရေး၊ စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်ရင်းနှီးရေးတို့အတွက် အဓိကအရေးကြီးတဲ့ အခြေခံအဆောက်အအုံတစ်ခု ဖြစ်တာကြောင့်  သက်တမ်းကာလပြည့်မီရေးနှင့်ကြံ့ခိုင်ရေးကို ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြရန်နှင့် သက်မွေးပညာကာလတိုသင်တန်းများ ဖွင့်လှစ်သည့်အခါတွင်လည်း ဆက်လက်ဝိုင်းဝန်းပံ့ပိုးပေးကြပါရန် ပြောကြားလိုပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံမှူးကြီး ဒေါက်တာ ကျန်းကျိဟုန်တို့က အမှာစကား ပြောကြားကြပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဧည့်သည်တော်များအား သင်တန်းစင်တာဖွင့်ပွဲအထိမ်းအမှတ် တံဆိပ်များပေးအပ်ကာ စင်တာအဆောက်အအုံကို တာဝန်ယူ တည်ဆောက်ပြီးစီးခဲ့သည့် မိုးယံဝင့်ချီကုမ္ပဏီလီမိတက်မှ အကြံပေးအင်ဂျင်နီယာ ဦးဘငြိမ်းက တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုထံ စင်တာအဆောက်အဦဆိုင်ရာ အချက်အလက်များကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် သင်တန်းစင်တာ ပင်မလေးထပ်ဆောင် အဆောက်အအုံအတွင်းရှိ သင်တန်းသူ သင်တန်းသားအိပ်ဆောင်များ၊ စာသင်ခန်းများ၊ အလုပ်ရုံများနှင့် ထမင်းစားဆောင်တို့အား လှည့်လည်ကြည့်ရှုကြပြီး (၅-၂-၂၀၂၄) ရက်နေ့မှ (၅-၃-၂၀၂၄) ရက်နေ့အထိ ကာလတိုတစ်လတာသင်တန်းဖွင့်လှစ်ပေးနေသည့် မော်တော်ဆိုင်ကယ်စက်ပြင်သင်တန်းမှ နည်းပြများနှင့် သင်တန်းသားများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဘရွှေ၊ ခွန်စံလွင်နှင့် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်တို့က  ရင်းရင်းနှီးနှီးတွေ့ဆုံလမ်းညွှန်အမှာစကားပြောကြားကြပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရှိရပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image
Image