နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)ကျင်းပ နေပြည်တော် ဇန်နဝါရီ ၃၀
နေပြည်တော် 2024-01-31
Image

  နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆပ် ကော် မတီ၏လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) ကို (၃၀-၁-၂၀၂၄) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ဒေသဆိုင်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဆပ်ကော်မတီ၊ ဥက္ကဋ္ဌများ၊ ဆပ်ကော်မတီဝင် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ စစ်သမိုင်းပြတိုက်နှင့်တပ်မတော်မော်ကွန်းတိုက်မှူးရုံး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊သာသနာရေးဦးစီးဌာန၊သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊အမျိုးသား မှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။ 

အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အဖွင့်အမှာစကား ပြောကြားရာတွင်  ယဉ်ကျေးမှုနှင့်ဘာသာရေးသည် နိုင်ငံတစ်နိုင်ငံရဲ့ ဝိသေသလက္ခဏာကို သတ်မှတ် ဖော်ပြနိုင်တာဖြစ်တဲ့အတွက် မိမိတို့ရဲ့ ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့် ရှောက်မြှင့်တင်ခြင်းနဲ့ ဘာသာ၊ သာသနာထွန်းကား ပြန့်ပွားစေခြင်းလုပ်ငန်းများဟာ အရေးပါပြီး မဖြစ် မနေ ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ နိုင်ငံရဲ့တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုနဲ့ စည်းလုံးညီညွတ်မှု တို့အတွက်လည်း ယဉ်ကျေးမှုနှင့်ဘာသာရေးက အဓိကဖော်ဆောင်ပေးနိုင်ပါကြောင်း၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းမြှင့်တင်ပေးခြင်း၊ တိုင်းရင်းသားများရဲ့ ယုံကြည်ကိုးကွယ်ရာဘာသာများကို ထောက်ပံ့ကူညီပေးခြင်း၊ ဘာသာ၊ သာသနာပြန့်ပွားစေခြင်းတို့ဖြင့် တိုင်းရင်းသားလူငယ်များကို ဗလ ငါးတန်နဲ့ပြည်စုံတဲ့ လူငယ်များဖြစ်လာစေရေး ပျိုးထောင်ရာမှာ အထောက်အကူပြုမှာဖြစ်ပါကြောင်း၊ ဆပ်ကော်မတီဝင်ဌာနများအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန်ကျန်ရှိနေသေး သည့် လုပ်ငန်းများကို သတ်မှတ်ချိန်အတွင်းပြီးမြောက်စေရန်နှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လျာထား လုပ်ငန်းစီမံကိန်းများကို အပြည့်အဝအကောင်အထည်ဖော်နိုင်ရန်အတွက် စနစ်တကျ အစီအမံများ ချမှတ်ဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးမှာကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဒေသဆိုင်ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဆပ်ကော်မတီဥက္ကဋ္ဌများ၊ ဆပ်ကော်မတီဝင်ဌာနများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများအခြေအနေနှင့်ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်ရန်လျာထားသည့်လုပ်ငန်းစီမံကိန်းများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။


Image
Image
Image