ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော်ကို ဇန်နဝါရီ ၁၆ ရက် နံနက် ၁၀ နာရီက ဝိုင်းမော်မြို့၊ အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးကြည်ထွန်း၊ ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် တာဝန်ရှိသူများက ဖဲကြိုုးဖြတ် ဖွင့်လှစ်ပေးကြသည်။
အခမ်းအနားကို အဆိုပါကျောင်းရှိ တေဇခန်းမ၌ ဆက်လက်ကျင်းပရာ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီးအားကစားနှင့်ကာယပညာဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက လူငယ်ဗလငါးတန်ဖွံ့ဖြိုးရေးပွဲတော် ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် ကျောင်းသားကျောင်းသူများက တေးသရုပ်ဖော်အကများနှင့် တိုင်းရင်းသားရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကျောင်းသားကျောင်းသူများကို တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဆုတံဆိပ်များကို လည်းကောင်း၊ ဖျော်ဖြေရေးအဖွဲ့နှင့် ဘင်ခရာအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ကြပါသည်။ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့် တာဝန်ရှိသူများသည် ခင်းကျင်း ပြသထားသော ပြခန်းများ၊ အားကစားနည်းများနှင့် ပျော်ပွဲရွှင်ပွဲများကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။
ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ၊ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ကျပန်းစကားပြောပြိုင်ပွဲကိုဆက်လက်ကျင်းပကြရာဝိုင်းမော်မြို့ရှိအခြေခံပညာကျောင်းအသီးသီးမှကျောင်းသား ကျောင်းသူများ စုစုပေါင်း (၄၅)ဦးခန့် ပါဝင်ယှဉ်ပြိုင်ကြသည်။
အဆိုပါပြိုင်ပွဲတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ ဒေါ်အိအိအေး နှင့် ဦးစီးအရာရှိ ဦးလှိုင်ဝင်းဟန်တို့က ကျပန်းစကားပြောပြိုင်ပွဲတွင်လည်းကောင်း၊ ဦးစီးအရာရှိ ဦးခင်မောင်ထွန်းက ပုံပြင်ပြောပြိုင်ပွဲတွင်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်အိအိမော်က ကဗျာရွတ်ဆို ပြိုင်ပွဲတွင်လည်းကောင်း အကဲ ဖြတ်ဒိုင်များအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။
ယင်းနောက် ဆုများရရှိခဲ့ကြသော ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးကြည်ထွန်း၊ တိုင်းရင်းသားစာပေနှင့်ယဉ် ကျေးမှုဦးစီးဌာနမှ ပြည်နယ် တာဝန်ခံ ဒေါ်အိအိအေး၊ ဦးစီးအရာရှိများဖြစ်ကြသည့် ဦးခင်မောင်ထွန်းနှင့် ဦးလှိုင်ဝင်းဟန်၊ အထက(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးကြည်၊ ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ စာရေးဆရာ အကြီးကိုကို(ကသာ)နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ကြသည်။