(၈၆) နှစ်‌မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားကျင်းပ ဧရာဝတီ၊ ဇန်နဝါရီလ ၁၁
ဧရာဝတီ 2024-01-11
Image

ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ်၊ (၈၆) နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနား ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မြစိမ်းရောင်တောင်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင် တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန နှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းကိုယ်စားလှယ်များ၊ ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှု အသင်းကိုယ်စားလှယ်များ နှင့် ကရင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများ တက်ရောက်အားပေး ချီးမြှင့်ခဲ့ပါသည်။ 

အခမ်းအနားကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖားစည်ကိုးချက် တီး၍ ဖွင့်လှစ်ခဲ့ပြီးနောက် မြောင်းမြမြို့နယ် ကရင်ရိုးရာယဉ်ကျေးမှုဒုံးအကအဖွဲ့မှ ဂုဏ်ပြုကပြဖျော်ဖြေ ခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဖတ်ကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နှစ်သစ်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကလည်းကောင်း၊  ငုအိုင်ဆရာတော် ဘဒ္ဒန္တသေဋိလနှင့် ကက်သလစ်သာသနာဘုန်းတော်ကြီး ဖာသာရ်ဝီးလ်ဖရက်မန်းမြင့်စိုး တို့ကလည်းကောင်း နှစ်သစ်နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ပြီး ဆုတောင်းမေတ္တာများပို့သခဲ့ကြ ပါသည်။ 

ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်မှ ပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့သဝဏ်လွှာအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး စောလင်းခယ်က ဖတ်ကြားခဲ့ပြီး တိုင်းဒေသကြီးကရင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ကျင်းပရခြင်း နှင့်စပ်လျဉ်း၍  ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ထို့နောက် အခမ်းအနား တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ကရင်အမျိုးသား နှစ်သစ်ကူးနေ့ဂုဏ်ပြုသီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ပြီး အခမ်းအနားကို ကရင်အမျိုးသား သီချင်းဖြင့် သီဆိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။ 


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image