တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံ လေရှီး၊ ဇန်နဝါရီ (၁၆)
စစ်ကိုင်း၊ လေရှီး 2024-01-16
Image

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီလ (၁၆) ရက်နေ့ နံနက်ပိုင်းတွင်    လေရှီးမြို့နယ်ရှိ နာဂယဉ်ကျေးမှုပြတိုက်၌ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တွေ့ဆုံအမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏စာပေနှင့်ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာများကို ဆောင်ရွက်ခြင်းနှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်တိုးတက်ခိုင်မာလာစေရေးအတွက် ကျန်းမာရေး၊ ပညာရေးနှင့် လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းတာဝန်များကို နိုင်ငံတော်က ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်အနက် လူမှုရေးဦးတည်ချက်ပါ တစ်နိုင်ငံလုံး အသိပညာအတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြု ပညာရှင်များထွန်းကား လာစေရေးတို့အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေး စနစ်ကို အကောင်အထည်ဖော်ဆောင်ရေး ဆိုသည့် ဦးတည်ချက်ကို အထောက်အကူပြု စေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသားဘာသာစာပေသင်ကြားမှုကို ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်နိုင်ရေးကိစ္စနှင့် တိုင်းရင်းသားများအတွက် တိုက်ရိုက်အကျိုးခံစားစေမည့် လုပ်ငန်း များကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာ၌ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် ဆောင်ရွက်မည့်လုပ်ငန်းများတွင်လည်း တိုင်းရင်းသားများ၏ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း စဉ်လာအရ သက်ဆိုင်သည့်မြေများ ပါဝင်မှုရှိ/မရှိ အချိန်နှင့်တပြေးညီ ကွင်းဆင်းစိစစ်ပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုကော်မတီသို့ သဘောထားမှတ်ချက်များ ပြန်ကြားဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ မိမိတို့တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ အဓိကလုပ်ငန်းဖြစ်သည့် တိုင်းရင်းသားရေးရာနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် တိုင်းရင်းသားအချင်းချင်း (သို့မဟုတ်) တိုင်းရင်းသားလူမျိုးများအကြား ဖြစ်ပွားသည့် အငြင်းပွားမှုများကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများထံ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တာဝန်ခွဲဝေအပ်နှင်းထားပြီးဖြစ်ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ညီညွတ်စွာ တင်ပြဆောင်ရွက်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။

၎င်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်ပတ်သက်ပြီး အထွေထွေဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်း မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များအား ထောက်ပံ့ငွေကျပ် သိန်း(၄၀) ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။


Image
Image
Image
Image
Image
Image