နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်သော လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြ သာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ”ကို မန္တလေးမြို့၊ အမှတ် (၇) အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မန္တလေးမြို့၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်စန်းလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းညိုက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်းနှင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများပါ အခွင့်အရေးများအကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်ထားဆွေက လူငယ်နှင့် ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးရှင်းလင်းဟောပြောခဲ့ကြပါသည်။
ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တက် ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး နှင့် ရပိုင်ခွင့်များကို ရိုက်နှိပ်ထားသည့် Pamphlet များ ဝေငှခဲ့ပြီး ကျောင်းစာကြည့်တိုက်အတွက် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေစာအုပ် များအားလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တိုင်းရင်းသားပုံပြ၊ ပုံပြင် စာအုပ်များနှင့် လက်ကမ်းစာစောင်များအား ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရှိရပါသည်။