ရှမ်းပြည်နယ် တောင်ကြီးမြို့တွင်ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီလ(၁၃)ရက်နေ့ ညနေခင်းပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် တည်ဆောက်လျက်ရှိသည့် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန၊ “ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ”၏ ဆောက်လုပ် လျက်ရှိသည့် အလုပ်ရုံဆောင်၊ ဝင်းခြံစည်းရိုး၊ ထမင်းစားဆောင်နှင့် ပင်မအဆောက်အဦ ထပ်တိုးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေး ခဲ့ပါသည်။
ပထမဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မဲခေါင်-လန်းချန်အထူးရန်ပုံငွေနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံများဖြင့် ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်း ဖြစ်သည့် အလုပ်ရုံဆောင်၊ ဝင်းခြံစည်းရိုး၊ ထမင်းစားဆောင်၊ ပင်မအဆောက်အဦထပ်တိုး လုပ်ငန်းများနှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုးပြေရေးများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မြေညီထပ်ရှင်းလင်းဆောင်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး၊ အဆောက်အဦကို တာဝန်ယူတည်ဆောက်နေသည့် မိုးယံဝင့်ချီကုမ္ပဏီလီမိတက်မှ တာဝန် ရှိသူများနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အရည်အသွေးထိန်းချုပ်စိစစ်ရေးအဖွဲ့မှ တာဝန်ရှိသူများတို့အား စိစစ်တွေ့ရှိချက်များအပေါ် လိုအပ်သည်ကို ညှိနှိုင်းမှုများ ဆောင်ရွက် ပေးခဲ့ပြီး အဆောက်အဦကို ၇၇ နှစ်မြောက်ရှမ်းပြည်နယ်နေ့အမီ ဖွင့်လှစ်နိုင်ရေးနှင့် အရည်အသွေးစံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါ “ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာ” ပြီးစီးပါက တိုင်းရင်းသားများအတွက် သက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများ ဖွင့်လှစ် သင်ကြားခြင်း၊ တိုင်းရင်းသားရေးရာကိစ္စရပ်များတွေ့ဆုံဆွေးနွေးမှုဆောင်ရွက်နိုင်သည့် နေရာအဖြစ် ဆောင်ရွက်သွားရန် ရည်ရွယ်ဆောင်ရွက်ထားပါသည်။
ဆက်လက်ပြီး ဇန်နဝါရီလ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး တို့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြားခဲ့ကြပါသည်။
ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လမ်းညွှန်အမှာစကား ပြောကြားရာတွင် ကမ္ဘာ့ပထဝီနိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးသမိုင်း နောက်ခံအချက် အလက်များကို သိရှိထားနိုင်ရန်နှင့် သင်ခန်းစာများရယူနိုင်ရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော် ငြိမ်းချမ်းစေရေးနှင့်ဖွံ့ဖြိုးတိုးတက်စေရေးကို ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ထားရန် လိုအပ်ပြီး စာရင်းစစ်စစ်ဆေးခံနိုင်ရန်အတွက်လည်း ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းမြေယာများ အသုံးပြုရန် လျှောက်ထားလာသည့် မြေလွှတ်၊ မြေလပ်နှင့် မြေရိုင်းဆိုင်ရာကိစ္စရပ်များကို အမြန်ဆုံးပြီးစီးရေးဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့ မှတ်ပုံတင်သည့်အခါတွင် သေချာစိစစ်ရန်နှင့်ကူညီဆောင်ရွက်ပေးရန်၊ သဘာဝဘေး လုံခြုံရေးအတွက်လည်း အထူးဂရုပြုကြရန်လိုပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် နိုင်ငံဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ နိုင်ငံဝန်ထမ်းသစ္စာ အဓိဋ္ဌာန်(၆)ချက်နှင့် နိုင်ငံဝန်ထမ်း ကျင့်ဝတ်များကို အလေးထားလိုက်နာဆောင်ရွက်ရန်၊ ရုံးလုပ်ငန်းများ ပီပြင်အောင် ဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို စည်းစည်းလုံးလုံးညီညွှတ်စွာ အားသွန်ခွန်စိုက်ကြိုးစား ဆောင်ရွက်ကြရန်မှာကြားလို ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။ ထိုနောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီးမှ တိုင်းရင်းသားရေးရာဆိုင်ရာ ဆောင်ရွက်ထားမှုများနှင့် လိုအပ်သည်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
၎င်းနောက် ဝန်ထမ်းများက လိုအပ်ချက်များကိုဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြ ချက်များ အပေါ် ဒုတိယဝန်ကြီးက ပြန်လည်ဆွေးနွေးပေါင်းစပ်ပေးခဲ့ကြောင်းနှင့် ဒုတိယ ဝန်ကြီးဦးဇော်အေးမောင်မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းအား တောင်ကြီးတက္ကသိုလ်နှင့် တောင်ကြီးပညာရေးကောလိပ်တွင် ထားနိုင်ရန်အတွက် ရခိုင်သမိုင်းဆိုင်ရာစာအုပ်များကို ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။