ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကရင်အမျိုးသားမျိုးနွယ်စုအသင်းမှ ကြီးမှူး၍ (၂၂.၁၂.၂၀၂၃)ရက်နေ့မှ (၂၆.၁၂.၂၀၂၃)ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် “ကရင်တိုင်းရင်းသားဘာသာ စာပေသင်(TA/LT)ဆရာ၊ ဆရာမများ မွမ်းမံသင်တန်းဆင်းပွဲ” အခမ်းအနားကို ဒီဇင်ဘာလ(၂၆) ရက်နေ့က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်တိုင်းရင်းသားဘာသာ စာပေသင်(TA/LT) မွမ်းမံသင်တန်းသို့ တက်ရောက်လာသည့် ဆရာ၊ ဆရာမများအား မိမိတို့ရဲ့စာပေ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ တန်ဖိုးထားတတ်စေရန်၊ နယ်မြေဒေသအသီးသီးတွင် ကရင်စာပေနှင့် ယဉ်ကျေးမှုရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မျိုးဆက်သစ် ကရင်တိုင်းရင်းသားကလေးငယ်များ အား မိမိတို့စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအား ချစ်မြတ်နိုး တန်ဖိုးထား တတ်စေရေး ဆောင်ရွက်ကြစေလိုပါကြောင်း၊ ကရင်တိုင်းရင်းသားစာပေယဉ်ကျေးမှုနဲ့ ပတ်သက်၍ အခြေခံမှစပြီး ထဲထဲဝင်ဝင် ပိုမိုဆောင်ရွက်နိုင်စေရန်၊ အနာဂတ်တွင် အခြေခံပညာကျောင်းများ၌ စာပေနှင့်ယဉ်ကျေးမှုကို သင်ကြားပို့ချပေးနိုင်မည့် ဆရာ၊ ဆရာမများ ပေါ်ထွန်းလာစေရန်၊ အမျိုးသား ရေးလက္ခဏာများ မပျောက်ပျက်စေရေး၊ ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ရန်နှင့် မိမိတို့၏ စာပေ၊ ဘာသာစကား၊ ထွန်းကားပြန့်ပွါးရေးနှင့် ရိုးရာဓလေ့ထုံးတမ်းများ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်း မြှင့်တင်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ထောက်ပံ့ငွေ ပေးအပ်ခဲ့ပါသည်။
ထို့နောက် ကရင်ရိုးရာဒုံးယိမ်းအကဖြင့် တင်ဆက်ကပြဖျော်ဖြေခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများမှ အသီးသီးဆုများချီးမြှင့်ခဲ့ကြပါသည်။အဆိုပါ သင်တန်းကို ဒီဇင်ဘာလ (၂၂) ရက်နေ့မှ ဒီဇင်ဘာလ(၂၆)ရက်နေ့အထိ ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်မြို့နယ်များမှ ကရင်တိုင်းရင်းသားဘာသာ စာပေသင် TA/LTဆရာ၊ ဆရာမ စုစုပေါင်း (၂၀၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။