တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ပြည်ပနိုင်ငံများသို့ သွားရောက်၍ ဆွေးနွေးပွဲများ တက်ရောက်ခဲ့သူများ၏ အတွေ့အကြုံရှင်းလင်းပွဲကျင်းပ နေပြည်တော် ဒီဇင်ဘာ ၂၈
နေပြည်တော် 2024-01-01
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ်အတွင်း ပြည်ပနိုင်ငံများသို့  သွားရောက်၍ ဆွေးနွေးပွဲများ တက်ရောက်ခဲ့သူများ၏ အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ညွှန်ကြားရေးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်းများက Hybrid စနစ်ဖြင့်  တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(MOFCOM) ၏ ဖိတ်ကြားချက် အစီအစဉ်ဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်၍ ဆွေးနွေးပွဲများတက်ရောက်ခဲ့ကြသည့် အရာထမ်း (၃)ဦး၏ အတွေ့အကြုံများကို ပြန်လည်ရှင်းလင်းသည့် အခမ်းအနားဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဦးတည်ချက် (၉) ရပ်အနက် လူမှု ရေးဦးတည်ချက်၏ တတိယအချက်တွင် “နိုင်ငံ၏ ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစု အဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင် ဆောင်ရွက်ရေး” ဟူ၍ပါရှိသည့်အတိုင်း ဝန်ထမ်းများ၏ ဗလငါးတန်နှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမြှင့်တင်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ရစေရန် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာသို့ အရာထမ်း၊ အမှုထမ်းများအား နိုင်ငံတကာအတွေ့အကြုံကောင်းများ ရရှိစေရန်နှင့် နိုင်ငံ၏ဝန်ထမ်း အရည်အသွေးများ ဖော်ထုတ်စေရန် ညီညွတ်မျှတစွာဖြင့် စိစစ်ရွေးချယ်စေလွှတ်ခဲ့ပါကြောင်း၊ ပြည်ပသို့ နိုင်ငံ့ ကိုယ်စားပြု သွားရောက်လေ့လာခဲ့ကြပြီးသည့်နောက် ပြည်တွင်းဝန်ကြီးဌာနရှိ ကျန်လုပ်ဖော် ကိုင်ဖက် အထက်အောက်ဝန်ထမ်းများကို အတွေ့အကြုံရှင်းလင်းမျှဝေပေးသည့် မွန်မြတ်သည့် အစဉ်အလာကောင်းများ ကျင့်သုံးဆောင်ရွက်ပေးခြင်းဖြင့် ရရှိလာသည့် အတွေ့အကြုံကောင်း များကို နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက် အကျိုးရလဒ်ကောင်းများ ဖြစ်ပေါ်စေရန် လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် အတွေ့အကြုံ၊ ဗဟုသုတ ရှင်းလင်းမှုများကို ဂရုပြုမှတ်သား လိုက်နာကြပြီး နောင်ကာလများတွင် ကျန်သော ဝန်ထမ်းများအနေဖြင့် ပြည်ပ နိုင်ငံများသို့ သွားရောက်ရန် ရွေးချယ်စေလွှတ်ခြင်း  ခံရပါက နိုင်ငံ တကာ နှင့် ရင်ဘောင်တန်း ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့၏အရည်အချင်း၊ အရည်အသွေးများကို အမြဲမပြတ် မြှင့်တင် ဖြည့်ဆည်း ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်ပါ ကြောင်း၊ ဝန်ထမ်းများအားလုံးတို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာပြီး နိုင်ငံတော်၏ မေတ္တာစေတနာတို့ကို ထောက်ရှုလျက် နိုင်ငံ့အကျိုး၊ ဌာနအကျိုးနှင့် ပြည်သူလူထုတို့၏ အကျိုးများကို ဆတက် ထမ်းပိုး ဆက်လက်ကြိုးပမ်း တာဝန် ထမ်းဆောင်သွားကြရန် တိုက်တွန်း ပြောကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ၂၀၂၃ ခုနှစ်အတွင်း ဝန်ကြီးဌာန၏ ဆောင်ရွက်မှုတို့ကို ကျေနပ်မှုရှိပါကြောင်းနှင့် ၂၀၂၄ ခုနှစ်တွင် ပိုမိုကောင်းမွန် သည့် စွမ်းဆောင်ရည်များဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အတွေ့အကြုံ ရှင်းလင်းပွဲမှ ရရှိလာသည့် ဗဟုသုတများကို လေ့လာမှတ်သားပြီး မိမိတို့၏ လုပ်ငန်းခွင်တွင် လိုအပ်သလို အသုံးချဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊  ဝန်ထမ်းများအနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈)၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေ၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်း (၃၅/၂၀၁၇)နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေတို့ကို သိရှိလေ့လာထားရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် သဒ္ဓါ၊ သီလ၊ သတိ၊ သမာဓိ၊ ဝီရိယ၊ ပညာတို့ကို ကောင်းမွန်စွာ ဖြည့်ဆည်းကျင့်ကြံ ဆောင် ရွက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် တို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြသော ဝန်ထမ်းများ ဖြစ်ကြပါစေကြောင်း ပြောကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံးမှ လက်ထောက်အတွင်းဝန် ဒေါ်ယဉ်မေဦးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့မှ (၃၁) ရက်နေ့အထိ ကျင်းပသည့် နယ်စပ်ဖြတ်ကျော် စက်မှုလုပ်ငန်းများ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ အတွေ့အကြုံများကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ရောဘတ်သွမ်မန်လိန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျန်းကျိုးမြို့တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့မှ ဒီဇင်ဘာလ(၅) ရက်နေ့ အထိ ကျင်းပသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် လက်ဖက်ယဉ်ကျေးမှုနှင့် လက်ဖက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာဆွေးနွေးပွဲသို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ အတွေ့အကြုံ များကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သဲသဲမာက  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နင်ဘိုမြို့တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကျင်းပသည့် သက်မွေးပညာရပ် စီမံခန့်ခွဲမှုဆိုင်ရာဆွေးနွေးပွဲသို့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့မှုနှင့်စပ်လျဉ်း၍ အတွေ့ အကြုံများကိုလည်းကောင်း Powerpointများဖြင့် အသီးသီး ရှင်းလင်းတင်ပြခဲ့ကြပါသည်။ 

ယင်းနောက် တက်ရောက်လာကြသူများနှင့် အပြန်အလှန် မေးမြန်းဖြေကြားမှုများ ပြုလုပ်ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


Image
Image
Image
Image