ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး အနေဖြင့် ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့်ပူးပေါင်း၍ တိုင်းဒေသကြီးအဆင့် (၄၉) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ ပစ္ဆိမာရုံကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန နှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲ များ၊ ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဝင်များ၊ ဒေသခံရခိုင်တိုင်းရင်းသား၊ တိုင်းရင်းသူ များ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြပါသည်။
အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ပြီး ပုသိမ်မြို့၊ ပစ္ဆိမာရုံကျောင်းတိုက် ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်ဘုရားကြီးမှ ငါးပါးသီလနှင့် ဩဝါဒချီးမြှင့်ပေးခြင်း၊ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများက ပရိတ် တရားတော်ချီးမြှင့်ပေးခြင်း၊ ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုနှင့် သင်္ကန်းဆက်ကပ် လှူဒါန်းခြင်း၊ အခမ်းအနား ကျင်းပရေးကော်မတီ နာယကကြီး ဦးအောင်ဘသိန်းက ရခိုင်ပြည်နယ်နေ့ အကြောင်းနှင့် ကျေးဇူးတင်စကား ပြောကြားခြင်း၊ မင်္ဂလာအောင်မြေကျောင်းတိုက် ဆရာတော်မှ ရေစက် ချတရားချီးမြှင့်ပေးခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ် ရွတ်ဆိုပူဇော်၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့်ဇနီးက ပင့်သံဃာ ဆရာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ အခမ်းအနား တက်ရောက်သူများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိပါသည်။