တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ “တိုင်းရင်းသားကျောင်းသား လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန် စွမ်းရည်ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနား" ကို ၁၅-၁၂-၂၀၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲကုန်ကျေးရွာ၊ မူလ တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးက ဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မှော်ဘီခရိုင်ပညာရေးမှူးက ဦးအေးလွင်က ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် မှော်ဘီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးအောင်ကြည် က မှော်ဘီမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစီမံချက်များကို လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း၊ တိုင်းရင်းသားလူမျိုးများ ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသားလူငယ်များ ပေါ်ထွန်း လာစေရန် ရည်ရွယ်၍ အခမ်းအနားကျင်းပရခြင်းဖြစ်ကြောင်းနှင့် တိုင်းရင်းသားအချင်းချင်း အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန်လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာ သိကောင်းစရာများ ကိုလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင် က ပုံပြပုံပြင်စာ အုပ်ထုတ်ဝေပေးမှုနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအကြောင်းကိုလည်း ကောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် အကအဖွဲ့က ထာဝရမြန်မာသီချင်း၊ စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် စသည့် သီချင်းများဖြင့် ကပြဖျော်ဖြေခြင်း၊ ကျီးပင်ဆိပ်ကျေးရွာ မူလတန်းကျောင်းမှကျောင်းသား၊ ကျောင်းသူများက ကရင်ရိုးရာအကဖြစ်သော ဝါးညှပ်အက၊ ဒုံးယိမ်းအကများဖြင့် ကပြဖျော်ဖြေ ခြင်း၊ သဲကုန်ကျေးရွာ မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကပြဖျော်ဖြေခြင်း၊ ရှမ်း (တိုက်ကြီး)အဖွဲ့မှ ရှမ်းရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြပါသည်။
ထို့နောက် ဗလငါးတန်နှင့်ပြည့်စုံသော ပြပွဲပြိုင်ပွဲများဖြစ်သည့် အပြေးပြိုင်ပွဲ၊ အာလူး ကောက်ပြိုင်ပွဲ၊ ဘောလုံးဖောက်ပြိုင်ပွဲ၊ စာအုပ်ရွက်ပြိုင်ပွဲစသည့် ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်တို့က ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခြင်း၊ သဲကုန်ကျေးရွာ၊ မူလတန်းကျောင်းတွင် လိုအပ်သည့် Sound Box နှင့် အားကစား ပစ္စည်းများပေးအပ်ခဲ့ပါသည်။
အခမ်းအနားသို့ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ မှော်ဘီ မြို့နယ် ကျီးပင်ဆိပ်ကျေးရွာ၊ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ မှော်ဘီမြို့နယ် လိပ္ပုတ်ကျေးရွာ၊ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ မှော်ဘီမြို့နယ် သဲကုန်ရွာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများအပါအဝင် စုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိပါသည်။