တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှတို့သည် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ (၁၅)ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ပထမဦးစွာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တွေ့ဆုံအမှာစကားပြောကြား ရာတွင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် (၂၈.၁၀.၂၀၂၂) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေ အမှတ်(၄၆/၂၀၂၂)ဖြင့် ပြဋ္ဌာန်းခဲ့သည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ တရားဝင်အသင်းအဖွဲ့ မှတ်ပုံတင်ထားရှိရန် လိုအပ်ပါကြောင်း၊ အသင်းအဖွဲ့မှတ်ပုံတင်ထားရှိမှသာ ဥပဒေနှင့်အညီ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များအတွက် တရားဝင်အကူအညီပံ့ပိုးမှုများ ဆောင်ရွက် ပေးနိုင်မည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။
၎င်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များက အထွေထွေဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များအား စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် တစ်ဖွဲ့လျှင် ထောက်ပံ့ငွေကျပ် (၁၀)သိန်းစီနှင့် သက်ဆိုင်ရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌများကိုလည်း (၁)ဦးချင်းစီ ထောက်ပံ့ငွေများ ပေးအပ်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီးတို့သည် မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး ပြန်လည်ပြုပြင်ခြင်းငန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး တင်ဒါခဲ့အောင်မြင်သည့် Coral Akyab Co.,ltdမှ တာဝန်ခံနှင့် တာဝန်ရှိ သူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီးတို့သည် ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံ့တာဝန်များကို ဝန်ထမ်းကောင်း ပီသစွာကြိုးစားဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်(၆)ချက် နှင့်အညီ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရိုသေရန်လိုပါကြောင်း၊ ဝန်ထမ်းများ သက်သာ ချောင်ချိရေး၊ ဒေသအတွက်အကျိုးရှိစေရေးအတွက် ရုံးဝန်းအတွင်းရှိ မြေလွတ်၊ မြေရိုင်း များတွင် စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ကြရန်နှင့် ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။ ထို့နောက် ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ဝန်ထမ်း များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။