တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး တောင်ကြီး ဒီဇင်ဘာ ၁၂
တောင်ကြီး 2023-12-12
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ (၁၂) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် တည်ဆောက်လျက်ရှိသည့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာ အဆောက်အအုံတည်ဆောက်ရေးလုပ်ငန်း ပြီးစီးမှုအခြေအနေများကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ပထမဦးစွာ သင်တန်းစင်တာ ခန်းမဆောင်တွင် တိုင်းရင်းသားရေးရာနှင့် သက်မွေး ပညာသင်တန်းစင်တာအား မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့ သောလုပ်ငန်းများနှင့် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသောလုပ်ငန်း များနှင့် စပ်လျဥ်း၍ တာဝန်ယူတည်ဆောက်လျက်ရှိသည့် မိုးယံဝင့်ချီကုမ္ပဏီလိမိတက်၏ တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အရည်အသွေးစစ်ဆေးရေးအဖွဲ့ဝင်များနှင့် ရှမ်းပြည်နယ် ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ရွက်ရန် ကျန်ရှိသောလုပ်ငန်းများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြပါသည်။ 

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်း တင်ပြမှုများအပေါ် အဆောက်အအုံကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေး ပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီတည်ဆောက်ပြီးစီးရန် လိုအပ်မည်ဖြစ် ပါကြောင်း၊ လုပ်ငန်းခွင်ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် အုပ်ချုပ်မှုထူးခြားဖြစ်စဉ်များ မဖြစ်ပေါ်စေရေးတို့အတွက် အထူးဂရုပြု ကြပ်မတ်ဆောင်ရွက်သွားရန်လိုပါကြောင်း၊ သင်တန်းစင်တာကို ၂၀၂၄ ခုနှစ်၊ ကျရောက်မည့် (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် အချိန်မီဖွင့်လှစ် ဆောင်ရွက်နိုင်ရေး ဒေသခံတိုင်းရင်းသားလူငယ်များအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ တပြိုင်တည်းဖွင့်လှစ်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း ပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိ သူများသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေနှင့် နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေတို့ဖြင့် တည်ဆောက်လျက်ရှိသည့် ပင်မ(၄)ထပ်ဆောင် အဆောက်အအုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ သင်တန်းသူ/သင်တန်းသားများ၏ အိပ်ဆောင်သန့်ရှင်း သပ်ရပ်စွာထားရှိစေရေး၊ အိပ်ဆောင်များအတွင်း လျှပ်စစ်မီးအန္တရာယ်ကင်းရှင်း စေရေးနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပါသည်။ 

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသူ/သားများ အတွက် အလုပ်ရုံ (Workshop) အဆောက်အအုံတည်ဆောက်နေမှုအခြေအနေများ၊ စားရိပ်သာဆောင် တည်ဆောက်နေမှုအခြေအနေများ၊ လျှပ်စစ်မီး Transformer ၊ လျှပ်စစ်မီး သွယ်တန်းထားရှိမှုများ၊ စက်ရေတွင်းတူးဖော်ဆောင်ရွက်ထားရှိမှုနှင့် သင်တန်းဖွင့်လှစ်နိုင်ရေး ပရိဘောဂပစ္စည်းများ ကြိုတင်ဖြည့်တင်းဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်စွက်ပေးခဲ့ပါသည်။

ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာကို ရှမ်းပြည်နယ် အတွင်းတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝတိုးတက် မြင့်မားလာစေရန်အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပို့ချပေးရန်၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို အချင်းချင်းနှီးနှောဖလှယ် နိုင်ရန်၊ တိုင်းရင်းသားဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတို့ကို အထောက်အကူပြုစေရန်နှင့် မဲခေါင်ဒေသတွင်းနိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်ကို လျှော့ချရန် ရည်ရွယ်၍ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေနှင့် နိုင်ငံတော်ဘတ်ဂျက် ဘဏ္ဍာရန်ပုံငွေတို့ဖြင့် ၂၀၂၂ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။


Image
Image
Image