ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြား၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး တောင်ကြီး ဒီဇင်ဘာ ၁၁
တောင်ကြီး 2023-12-11
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဒီဇင်ဘာလ (၁၁) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ တောင်ကြီး-ဟိုပုံး သွားလမ်းမဘေးရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပါသည်။ 

        ၎င်းနောက် ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးတွင်  တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။

ပထမဦးစွာ ဝန်ထမ်းများက တစ်ဦးချင်းမိတ်ဆက်တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကား ပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက် ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ မှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများမရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကိုလည်း အထူးအလေးဂရုပြု လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများတို့သည် တိုင်းရင်းသားလူမျိုးများရေးရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျမှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန်အရေး (၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံလျက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးတို့မှ မျှော်လင့်တောင့်တနေသည့် တိုင်းပြည် သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ  ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်  တိုက်တွန်းပြောကြားခဲ့ပါသည်။

  ၎င်းနောက် ဝန်ထမ်းများက လုပ်ငန်းလိုအပ်ချက်များကို အထွေထွေဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များက ဝန်ထမ်းများ၏ တင်ပြချက်များနှင့် ဌာနဆိုင်ရာလုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

နေ့လယ်ပိုင်းတွင် တောင်ကြီးမြို့ရှိ မြို့တော်ခန်းမ၌ ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ တွေ့ဆုံပွဲကျင်းပပြုလုပ်ရာ တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်အစိုးရဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တွေ့ဆုံအမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာများကိုဆောင်ရွက်ခြင်းနှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်တိုးတက်ခိုင်မာလာစေရေးအတွက် ကျန်းမာရေး၊ ပညာရေးနှင့် လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းတာဝန်များကို နိုင်ငံတော်က ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်အနက် လူမှုရေးဦးတည်ချက်ပါ တစ်နိုင်ငံလုံး အသိပညာအတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှုအထောက်အကူပြု ပညာရှင်များထွန်းကား လာစေရေးတို့အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေး စနစ်ကို အကောင်အထည်ဖော်ဆောင်ရေး ဆိုသည့် ဦးတည်ချက်ကို အထောက်အကူပြု စေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသားဘာသာစာပေသင်ကြားမှုကို ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ် အတွင်းတွင် တိုင်းရင်းသားဘာသာစာပေသင်ကြားခွင့်ရရှိထားသည့် စာသင်ကျောင်း (၁၁၀၁)ကျောင်း ရှိပြီး တိုင်းရင်းသားဘာသာစာပေသင်ကြားရေးအထောက်အကူပြု (Teaching Assistant – TA)  (၆၁၄) ဦး၊ တိုင်းရင်းသားစာပေသင် ( Language Teacher – LT) (၄၀) ဦး စုစုပေါင်း (၆၅၄) ဦး ခန့်ထားပေးခဲ့ပြီး တိုင်းရင်းသားကလေးငယ် (၇၀၄၇၉) ဦးကို သက်ဆိုင်ရာ တိုင်းရင်းသားများ၏ စာပေများ သင်ကြားပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ အသင်း အဖွဲ့ မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်နိုင်ရေးကိစ္စနှင့် တိုင်းရင်း သားများအတွက် တိုက်ရိုက်အကျိုးခံစားစေမည့် လုပ်ငန်းများကို ဥပဒေနှင့်အညီ စိစစ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းများ အကောင် အထည်ဖော်ဆောင်ရွက်ရာ၌ မြေလွတ်၊ မြေလတ်၊ မြေရိုင်းများတွင် ဆောင်ရွက်မည့်လုပ်ငန်း များတွင်လည်း တိုင်းရင်းသားများ၏ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ သက်ဆိုင်သည့် မြေများ ပါဝင်မှုရှိ/မရှိ အချိန်နှင့်တပြေးညီ ကွင်းဆင်းစိစစ်ပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ မြေလွတ်၊ မြေလတ်၊ မြေရိုင်းများ စီမံခန့်ခွဲမှုဗဟိုကော်မတီသို့ သဘောထားမှတ်ချက်များ ပြန်ကြားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၏ အဓိကလုပ်ငန်းဖြစ်သည့် တိုင်းရင်းသားရေးရာနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် တိုင်းရင်းသားအချင်းချင်း (သို့မဟုတ်) တိုင်းရင်းသားလူမျိုးများအကြားဖြစ်ပွားသည့် အငြင်းပွားမှုများကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသား ရေးရာဝန်ကြီးများထံ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တာဝန်ခွဲဝေအပ်နှင်းထားပြီး ဖြစ်ပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်စွာ တင်ပြ ဆောင်ရွက်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် တိုင်းရင်းသားဒေသအတွင်း ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

၎င်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များက တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်ပတ်သက်ပြီး အထွေထွေဆွေးနွေးတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်များက အသေးစိတ်ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်  ဝန်ကြီးတို့က ကချင်၊ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ တောင်ရိုး၊ ကိုးကန့်၊ လီဆူ၊ ထနော့နှင့် အင်းသား တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအား တစ်ဖွဲ့လျှင် ထောက်ပံ့ငွေ ကျပ် (၁၀) သိန်းစီ အသီးသီး ပေးအပ်ထောက်ပံ့ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။


Image
Image
Image
Image
Image