ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဟောပြောပွဲများ၊ စာအုပ်စာပေပြပွဲနှင့်လူငယ်စကားဝိုင်းများကို ၁၃-၁၁-၂၀၂ရက်နေ့တွင် မော်လမြိုင်မြို့၊ သုခဝတီအခြေခံပညာအထက်တန်း ကျောင်းနှင့် အထက်တန်းကျောင်း(ခွဲ).အ.လ.က(၄)တို့၌လည်းကောင်း၊ ၂၄-၁၁-၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့၊ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း အသိပညာပေး ဟောပြောပွဲများ၊ စာအုပ်စာပေပြပွဲနှင့်လူငယ်စကားဝိုင်းများကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲများကို အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက အဖွင့်အမှာစကား ပြောကြားပြီး မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာ၊ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သံယောဇဉ်မိုး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးမိုးအောင်တို့မှ ကျောင်းသားလူငယ်များအနေဖြင့် ရည်မှန်းချက်ကိုယ်စီထားရှိရေး၊ ယဉ်ကျေးသိမ်မွေ့သောလူငယ်များဖြစ်လာစေရေး၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးတတ်စေရေး၊ အချိန်ကို စီမံခန့်ခွဲတတ်စေရေး၊ စာဖတ်ခြင်းဖြင့် အသိပညာမြင့်မားလာစေရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်တတ်စေရေးစသည့် ဘတ်စုံဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေး ဟောပြောခဲ့ကြပါသည်။
ဆက်လက်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သံယောဇဉ်မိုးက ကျောင်းစာကြည့်တိုက်များအတွက် တိုင်းရင်းသားရေးရာဆိုင်ရာ သုတ/ရသ စာအုပ်များပေးအပ်ခဲ့ပြီး မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသော စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြောင်း သတင်းရရှိပါသည်။