နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ်(၂/၂၀၂၃)ကို (၉-၁၁-၂၀၂၃) ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ၊ ဥက္ကဋ္ဌများ၊ ဆပ်ကော်မတီဝင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ စစ်သမိုင်းပြတိုက်နှင့် တပ်မတော်မော်ကွန်းတိုက်မှူးရုံး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ သာသနာရေး ဦးစီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က အဖွင့်အမှာ စကားပြောကြားရာတွင် နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ ဘာသာ၊ သာသနာ ဖွံ့ဖြိုးရေးနှင့် ဒြပ်ရှိ၊ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ခြင်း လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖေါ် ဆောင်ရွက်ရန်အတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီကို ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းထားရှိမှု၊ ဆပ်ကော်မတီအနေဖြင့် နယ်စပ်ဒေသများတွင် ဘာသာ၊ သာသနာဖွံ့ဖြိုးရေးနှင့် သမိုင်းနှင့်ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမ ၆ လပတ် ကာလအတွင်း အကောင်အထည်ဖေါ်ဆောင်ရွက်မှု အခြေအနေများ၊ ဆက်လက် အကောင်အထည်ဖေါ် ဆောင်ရွက်မည့်အစီအစဉ်များ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် လျာထားချက်နှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်များအတွက် လုပ်ငန်းလျာထား ရေးဆွဲတင်ပြရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌက ဆပ်ကော်မတီဝင် ဌာနများမှ ရေးဆွဲတင်ပြသည့် လုပ်ငန်းစီမံကိန်းများနှင့် တိုင်းဒေသကြီး ပြည်နယ်အဆင့် သာသနာရေး နှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီများက ရေးဆွဲသည့် လုပ်ငန်းစီမံကိန်းများ မထပ်စေရန် အထူးဂရုပြု၍ ညှိနှိုင်း ဆောင်ရွက်ကြရန်မှာကြားခဲ့ပါသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌများ၊ ဆပ်ကော်မတီဝင်ဌာနများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပထမ ၆ လတာ ကာလအတွင်း အကောင်အထည်ဖေါ်ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းစီမံကိန်းများအား ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို အကြံပြုဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးတွင် ဆုံးဖြတ်ချက်(၉)ရပ်နှင့် အတည်ပြု မှတ်တမ်းတင်ခြင်း (၂)ရပ်တို့ကို ချမှတ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။