ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာလ (၇)ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကရင် ပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ထမ်းများသည် မိမိတို့ရာထူးအဆင့်နှင့်လျော်ညီစွာ အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည်မြင့်မားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေများကိုလည်း ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျမှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်၊ ဆုံးရှုံးမှုနှင့် မသမာမှုများ မရှိစေရေးနှင့် နိုင်ငံတော်၏ ခြိုးခြံချွေတာရေးမူများကိုလည်း အထူးအလေးဂရုပြု လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် ဝန်ထမ်းများတို့သည် တိုင်းရင်းသား လူမျိုးများရေးရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဌာန်းထား ရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပီပီပြင်ပြင်နှင့် စနစ်တကျမှန်ကန်စွာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ဝန်ထမ်းများပီပီ နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒို့တာဝန်အရေး(၃)ပါးကို မထိခိုက်စေဘဲ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံလျက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံသူ နိုင်ငံသားများအားလုံးတို့မှ မျှော်လင့်တောင့်တနေသည့် တိုင်းပြည်သာယာဝပြောရေးကို ဖြစ်ပေါ်လာစေမည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းများတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ဝန်ထမ်းများ၏ တင်ပြချက်များနှင့် ဌာနဆိုင်ရာလုပ်ငန်း လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။