တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းများ တွေ့ဆုံပွဲ (၂/၂၀၂၃) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအားလုံး မိသားစုစိတ်ဓာတ်ဖြင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ရင်ဆိုင်တွေ့ကြုံနေရသည့် အခက်အခဲများကို ဝန်ထမ်း စည်းမျဉ်းစည်းကမ်းဘောင်အတွင်းမှ ဖြေရှင်းဆောင်ရွက်နိုင်ရန် ယခုတွေ့ဆုံပွဲကို ပြုလုပ်ရခြင်း ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ် (၃၀) ပါးနှင့် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆) ချက်တို့ကို စောင့်ထိန်း လိုက်နာရန်နှင့် ဌာနအကျိုး၊ နိုင်ငံ့အကျိုးကို ရှေ့ရှုပြီး ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်းကောင်းများပီပီ စနစ်တကျ လိုက်နာကျင့်သုံး ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း၊ တင်ပြလိုသည်များကို ယနေ့တွေ့ဆုံပွဲတွင် ပွင့်လင်းစွာ တင်ပြစေလိုကြောင်း ပြောကြားပါသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများအနေဖြင့် လိုအပ်ချက်များ၊ အခက်အခဲနှင့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ တင်ပြလိုသည်များကို ပွင့်လင်းစွာ တင်ပြကြရန် ဖြစ်ပါကြောင်း၊ ထို့အပြင် အကြံပြုစာပုံးကိုလည်း ထားရှိပြီးဖြစ်သဖြင့် လွတ်လပ်စွာ အကြံပြုစာ ထည့်နိုင်ပါကြောင်း၊ ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်ရမည်ဖြစ်ပြီး ပေးအပ်သည့် တာဝန် များကို ကျေပွန်စွာထမ်းဆောင်ရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် သဒ္ဓါ၊ သီလ၊ သတိ၊ သမာဓိ၊ ဝီရိယ၊ ပညာ တို့ကို ကောင်းမွန်စွာ ဖြည့်ဆည်းကျင့်ကြံ ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ အဂတိတရား (၄) ပါးကိုလည်း ရှောင်ရှားရမည်ဖြစ်ပြီး ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များကို စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ် အခြေခံလျက် နိုင်ငံ့အကျိုးကို ဝိုင်းဝန်းသယ်ပိုးကြပါရန် တိုက်တွန်းပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း များက မိမိတို့၏ အခက်အခဲများ၊ လိုအပ်ချက်များကို တင်ပြကြရာ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်တို့က ရှင်းလင်းဖြေကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ဒို့တာဝန်အရေး (၃) ပါးကို မထိခိုက်စေဘဲ စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်တွင် မိမိတို့၏ မှန်ကန်သောအသိတရား၊ ဆင်ခြင်တုံတရားများဖြင့် ကျရာကဏ္ဍမှ ပေးအပ်လာသော တာဝန်များကို ဆတက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်သွားရန် နိဂုံးချုပ်အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။