တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့တွင် ကျင်းပပြုလုပ် ဧရာဝတီ၊ အောက်တိုဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး 2023-10-25
Image

     တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးက ဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်”ကို (၁၈-၁၀-၂၀၂၃) ရက်နေ့တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊    အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက မိတ်ဆက်စကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်မြမာလာစိုးက ကိုယ်ဝန်ဆောင်မိခင်များအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ကလေးသူငယ်အခွင့်အရေး၊မသန်စွမ်းအခွင့်အရေးများနှင့်လူမှုရေးပင်စင်စသည့်အကြောင်းအရာများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက ဝန်ကြီးဌာနပေါ်ပေါက်လာပုံ၊ တိုင်းရင်းသား လူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများအကြောင်းနှင့် စစ်တမ်းကောက်ယူရသည့် ရည်ရွယ်ချက်များကိုလည်းကောင်းအသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။ 

ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်မောင်မောင်က နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားများ၏ ဝိသေသရှေ့ဆောင်စကားလုံးများမှန်ကန်စွာ ရေးသွင်းဆောင်ရွက်နိုင်ရေး၊ အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာ ကိစ္စရပ်များ၊ လူမျိုးပြုန်းတီးမှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာ သဘောတူစာချုပ်ပါ လိုက်နာဆောင်ရွက်ရန် အချက်များကိုလည်း ကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်သန္တာဦးက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျောင်းကုန်းမြို့နယ်ဦးစီးမှူး ဦးကျော်ဌေးက စပါးတစ်ဧက (၁၀) တင်းနှုန်း ပိုမိုအထွက်တိုးစေရေးနှင့် စားသုံးဆီဖူလုံရေး စိုက်ပျိုးဆောင်ရွက်ရမည့် နည်းစနစ် များကိုလည်းကောင်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများက ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်မှုဆန်းစစ်ချက်စစ်တမ်းများကို ကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား (၈၁)ဦးတို့မှ ဖြေဆိုခဲ့ကြပြီး တက်ရောက်လာကြသူများအား တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့် ရှောက်သည့်ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ မြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။ 


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image