တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးကဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်” ကို (၇-၁၀-၂၀၂၃) ရက်နေ့တွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်မင်းအုန်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေလင်းက နိုင်ငံသားအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးများနှင့် လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများအားလည်းကောင်း၊ တိုင်းရင်းသားအခွင့် အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးသန်းနိုင်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် တိုင်းရင်းသားလူမျိုးများ၏ ဒြပ်ရှိ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း အသီးသီးရှင်းလင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းနိုင်က ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းမေးခွန်းလွှာ ကောက်ယူရသည့် ရည်ရွယ်ချက်နှင့် မေးခွန်းလွှာတွင်ဖြေဆိုရမည့် ပုံစံများအား ရှင်းလင်းပြောကြားပြီးနောက် စစ်တမ်းကောက်ယူခဲ့ရာ တက်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသား (၇၄) ဦးတို့က ဖြေဆိုခဲ့ ကြကြောင်း သိရှိရပါသည်။