ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ နှီးနှောဖလှယ် တွေ့ဆုံပွဲကို၂၀၂၃ခုနှစ်အောက်တိုဘာလ (၆)ရက်နေ့က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ ရန်ကုန်တိုင်းဒေသကြီး ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက တိုင်းဒေသကြီးအတွင်း ဆက်လက်ဆောင်ရွက်သွားမည့် တိုင်းရင်းသား ရေးရာကိစ္စရပ်များ၊ ၂၀၂၂ အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေနှင့်အညီ အသင်းအဖွဲ့များ ပြန်လည် မှတ်ပုံတင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး တာဝန်ခံ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းရင်းသားများ၏ စာပေ ယဉ်ကျေးမှုထိန်းသိမ်းဖော်ထုတ်မြှင့်တင်ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြ ခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများက အသင်းအဖွဲ့အလိုက် ဆက်လက်ဆောင်ရွက်ကြမည့် တိုင်းရင်းသားအရေး ကိစ္စရပ်များနှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် အချက်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိခဲ့ပါသည်။