တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ လာရောက်ဖျော်ဖြေကပြကြမည့် တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များအား သွားရောက်ကြိုဆို နေပြည်တော် အောက်တိုဘာ (၁၀)
နေပြည်တော် 2023-10-10
Image

၂၀၂၃  ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် ကျရောက်မည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်း ဗဟိုဌာန (၂) တွင် နိုင်ငံတော်အဆင့်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ထိုအခမ်းအနားသို့ ပြည်နယ် (၇)ခုမှ တိုင်းရင်းသားညီအစ်ကိုမောင်နှမများက တိုင်းရင်းသား ယဉ်ကျေးမှုရိုးရာအကအလှများဖြင့် လာရောက်ကပြဖျော်ဖြေကြမည်ဖြစ်ပါသည်။ လာရောက် ကပြဖျော်ဖြေကြမည့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များသည် အောက်တိုဘာလ (၉) ရက်နေ့နှင့် (၁၀) ရက်နေ့တို့တွင် နေပြည်တော်သို့ ရောက်ရှိကြရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြိုဆိုပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြပါသည်။ 

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့များအား တွေ့ဆုံနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများသည် တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များအား စာပေနှင့်ယဉ်ကျေးမှု မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တစ်ဖွဲ့လျှင် ကျပ် (၁၀)သိန်းတိတိ ထောက်ပံ့ငွေများပေးအပ်ကာ ရင်းရင်းနှီးနှီးဖြင့် လိုက်လံ နှုတ်ဆက်ကြပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များ၏ ကျန်းမာရေးကိစ္စရပ်များအတွက် ဆေးပေးခန်း၊ လိုအပ်သည့်ဆေးဝါးများ ထားရှိမှုအခြေအနေများနှင့် ဧည့်ခံကျွေးမွေးမည့် စားရိပ်သာ ဆောင်အတွင်း အစားအသောက်များ သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ 


Image
Image
Image
Image
Image
Image
Image