တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နေပြည်တော် အောက်တိုဘာ ၆
နေပြည်တော် 2023-10-09
Image

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပရေးနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနတွင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံတော်မှ ပြဋ္ဌာန်းထားရှိသည့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ၊ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများ၊ နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ် (၃၀) ပါးနှင့် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆) ချက်တို့ကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးလိုက်နာပြီး မိမိတို့၏ တာဝန်ဝတ္တရားများကို ရိုးသား ကြိုးစား သစ္စာရှိစွာဖြင့် ထမ်းဆောင်ကြရန် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် နိုင်ငံ့အ‌ရေးကို ဆောင်ရွက်သည့် နိုင်ငံရေးဆိုင်ရာပုဂ္ဂိုလ်များဖြစ်သလို တစ်နည်းအားဖြင့်  ပြည်သူ့ဝန်ထမ်းများလည်း ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ခန့်အပ်တာဝန် ပေးအပ်ထားသည့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များမှစ၍ သစ္စာရှိရှိ လုပ်ငန်းကျွမ်းကျင်ပိုင်နိုင်စွာဖြင့် အဆင့်ဆင့် တာဝန်ခံ၍ လက်တွေ့အကောင်အထည်ဖော်  ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲသည် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် မိမိတို့ဝန်ကြီးဌာနက ပါဝင်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးရန်ဖြစ် ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ အကောင်းဆုံး ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်ကြရန်နှင့် အပြုသဘောဖြင့် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန် ဖြစ်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသည် အလေးထားဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သဖြင့် ဝန်ထမ်းများအားလုံးက ကြိုးပမ်း ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းနှင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပါဝင်ဆောင်ရွက်ရမည့် ကိစ္စရပ်များဖြစ်သည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပြခန်းတွင် ခင်းကျင်းပြသမည့်ပြခန်းဆိုင်ရာကိစ္စရပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ် တိုင်းရင်း သားရိုးရာအကအဖွဲ့များနှင့် စပ်လျဉ်းသည့် ကြိုဆိုနေရာချထားရေးနှင့် အုပ်ချုပ် မှုဆိုင်ရာ ကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။


Image
Image
Image
Image
Image
Image
Image
Image