တိုင်းရင်းသားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ ကျင်းပပြုလုပ်သော “ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား” ကို စက်တင်ဘာလ ၁ ရက် နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ အဖွဲ့များ၊ တိုင်းရင်းသားဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်တို့က ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ဖားစည်(၉)ချက်တီး၍ စတင်ဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်ပြီး ဝန်ကြီးချုပ်က ရှေးဘိုးဘွား ဘီဘင်အစဉ်အဆက်က ဆင်းသက်လာတဲ့ ယုံကြည်ယူဆချက်အရ ဝါခေါင်လဆိုတာ မိုးရေကြီးခြင်း၊ စားနပ်ရိက္ခာရှားပါးခြင်း၊ မကောင်းဆိုးဝါး အလွယ်တကူဝင်ရောက်ပူးကပ်ခြင်း စသည်တို့ကို ယုံကြည်သက်ဝင်သည့်အလျှောက် လိပ်ပြာမလွင့်အောင် လူငယ်များက ကရင်အဖိုးအဖွားထံမှာ ချည်ဖြူဖွဲ့ခံယူသည့် ပွဲတော်ဖြစ်ပါကြောင်း၊ ဒါကြောင့် ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာ မပျောက်ပျက်စေရေးအတွက် ကရင်တိုင်းရင်းသားလူငယ်များအနေနဲ့ လက်ဆင့်ကမ်း ဆက်လက် သယ်ဆောင်ရမှာဖြစ်ပါကြောင်း၊ ကရင်တိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးတမ်းများ၊ ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များကိုလည်း ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ကြရန်နှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတို့တွင်လည်း အခြားသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် တိုင်းရင်းသားဘာသာသင်ဆရာမတစ်ဦးက ကရင်ရိုးရာချည်ဖြူဖွဲ့ခြင်း ဖြစ်ပေါ် လာပုံအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော ကရင်တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအဖွဲ့များက ကရင်ဒုံးယိမ်းအကများဖြင့်လည်းကောင်း၊ ရှမ်းတိုင်းရင်းသားအကအဖွဲ့များက ရှမ်းအကများဖြင့်လည်းကောင်း ကပြဖျော်ဖြေခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ချည်ဖြူဖွဲ့ပေးသည့် ကရင်အဖိုးအဖွားများနှင့် အကဖွဲ့များအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ထို့နောက် ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကာ တက်ရောက်လာကြသည့် ဧည့်သည်တော်များအား ကရင်ရိုးရာတိုင်းရင်းသား အစား အစာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရှိခဲ့ရပါသည်။