တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေးအတွက် ရည်ရွယ်ပြီး မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် ကချင် ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအသင်းတို့ ပူးပေါင်းကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကဏ္ဍဖြင့် ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ဩဂုတ်လ ၃၁ ရက် နေ့ နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါပြိုင်ပွဲများတွင် (Community Centre) ကလေးစာဖတ်ခန်း၌ "ရွှေရောင်အနာဂတ် လှပဖို့ စည်းစည်းလုံးလုံးနေကြစို့"ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကိုလည်းကောင်း၊ ဘက်စုံသုံးခန်းမ၌ “တိုင်းရင်းသားစည်းလုံးညီညွတ်ရေး”ခေါင်းစဉ်ဖြင့် ကျပန်းစကားပြောပြိုင်ပွဲကိုလည်းကောင်း ကျင်းပ ပြုလုပ်ခဲ့ကြရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား/သူ (၃၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။
ဆက်လက်ပြီး ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူး ဦးကျော်ထက်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဒေါ်အိအိအေးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အင်ဂျန်းယန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ၊ ဦးကျော်စိုးနိုင်က ပန်းချီပြိုင်ပွဲ၏အမှတ်ပေးစည်းမျဉ်းများကိုလည်းကောင်း၊ စာရေးဆရာ အကြီးကိုကို (ကသာ)က ကျပန်းစကားပြောပြိုင်ပွဲ၏ အမှတ်ပေးစည်းမျဉ်းများကိုလည်းကောင်း အသီးသီးရှင်းလင်း ပြောကြားကာ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲများတွင် ပထမ၊ဒုတိယ၊တတိယဆုနှင့် အထူးဆုများ ရရှိကြသည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရ ဂုဏ်ပြုဆု လက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်ပေးအကဲဖြတ်ဒိုင်လူကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ စုစုပေါင်းအင်အား (၇၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။