တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဇော်အေးမောင် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်းစင်တာအဆောက်အဦ တည်ဆောက်ပြီးစီးမှု အခြေအနေများသွားရောက်ကြည့်ရှုစစ်ဆေး တောင်ကြီး၊ ဩဂုတ်(၂၉)
ရှမ်းပြည်နယ် 2023-09-01
Image

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် “ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာ နှင့်သက်မွေးပညာသင်တန်းစင်တာ”ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၂)ရပ်ကွက်၊ အကွက်အမှတ်(၂၂)၊ ခပေါင်းရေကြည်ရပ်၌ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ရန်ပုံငွေဖြင့် မူလနှစ်ထပ်အဆောက်အဦမှ လေးထပ် အဆောက်အဦအဖြစ် တိုးမြှင့်တည်ဆောက် ဆောင်ရွက်လျက်ရှိပါသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရှမ်း ပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ(၂၉)ရက်နေ့ ညနေခင်းပိုင်းတွင် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ နှင့်သက်မွေးပညာသင်တန်းစင်တာ” ၌ ဆောက်လုပ်လျက်ရှိသည့် လုပ်ငန်းများ ဆောင်ရွက်ပြီး စီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ 

ပထမဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆောင်ရွက်လျက်ရှိသည့်  တည်ဆောက်ရေး လုပ်ငန်းဖြစ်သည့် အလုပ်ရုံဆောင်၊ ဝင်းခြံစည်းရိုး၊ ထမင်းစားဆောင်၊ မြေထိန်းနံရံနှင့် ပင်မအဆောက်အဦ ထပ်တိုးဆောင်ရွက်သည့်လုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး  မြေညီထပ်ရှင်းလင်းဆောင်တွင် တည်ဆောက်‌ရေးကိုတာဝန်ယူ ဆောင်ရွက်နေသည့် မိုးယံဝင့်ချီ ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အရည်အသွေးထိန်းချုပ်စိစစ်ရေးအဖွဲ့မှ တာဝန်ရှိသူများမှ တွေ့ရှိသုံးသပ်ချက်များကိုလည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးမှ စိစစ်တွေ့ရှိချက်များကိုလည်း‌ကောင်း အသီးသီးရှင်းလင်း တင်ပြ ခဲ့ကြပါသည်။ ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သက်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်သွားရန်၊ လျှပ်စစ်မီးများကို တပ်ဆင်သည့်အခါ မီးဘေး အန္တရာယ်ကင်းရှင်းရေးအတွက် အထူးဂရုပြုဆောင်ရွက်သွားရန်၊ စက်ရေတွင်းမှ ရရှိသည့် ရေအပြင် သဘာဝရေအရင်းအမြစ်များ အသုံးပြု၍ ရေအလုံအလောက် ရရှိရေးဆောင်ရွက်ရန်၊ ရေလှောင်ကန်ရေယိုစိမ့်မှုမရှိစေရေးဆောင်ရွက်သွားရန်နှင့် သင်တန်းစင်တာဖွင့်သည့်အချိန်တွင် သင်တန်းများပါဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်သွားရန် လမ်းညွှန်မှာကြား ခဲ့ပါသည်။ 

အဆိုပါ “ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ” ပြီးစီးပါက တိုင်းရင်းသားများအတွက် သက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများ ဖွင့်လှစ် သင်ကြားခြင်းနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များတွေ့ဆုံဆွေးနွေးမှု ဆောင်ရွက်နိုင်သည့် နေရာအဖြစ် ဆောင်ရွက်သွားရန် ရည်ရွယ်ထားပါသည်။

ဆက်လက်ပြီး ဩဂုတ်လ(၃၀)ရက်နေ့ နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး တို့သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြားခဲ့ကြပါသည်။ 

ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လမ်းညွှန်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ငွေစာရင်းဆိုင်ရာကိစ္စရပ်များသည် အလွန်အရေး ကြီးပြီး ကျွမ်းကျင်စွာတတ်မြောက်ထားရမည်ဖြစ်ပြီး စာရင်းစစ်စစ်ဆေးခံနိုင်ရန်အတွက် လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းမြေယာများ အသုံးပြုရန်လျှောက်ထားလာသည့် စီမံကိန်းများနှင့် ပတ်သက်၍ တိုင်းရင်းသားဒေသများတွင် အကျိုးသက်ရောက်မှုရှိ/မရှိ၊ ဒေသခံများ၏ အလုပ်အကိုင်အခွင့် အလမ်းရရှိမှုရှိ/ မရှိကို ဌာနမှ ကိုယ်တိုင်ကွင်းဆင်းစစ်ဆေးပြီးမှ သဘောထားမှတ်ချက်ပေးရ မည်ဖြစ်ပါကြောင်း၊ TA/LT အဖြစ် ခန့်ထားရန်ဖွင့်လှစ်ခဲ့သည့် သင်တန်းတက်ရောက်ပြီးသူကို TA/ LT  ဆရာ/ဆရာမများအား အမြန်ဆုံး ခန့်အပ်တာဝန်ပေးအပ်နိုင်ရေး ပညာရေးဝန်ကြီးဌာန နှင့်ညှိနှိုင်းဆောင်ရွက်ရန်၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့မှတ်ပုံတင်သည့် အခါတွင် သေချာစိစစ်ရန်၊ သဘာဝဘေးလုံခြုံရေးအတွက်လည်း အထူးဂရုပြုကြရန်လိုပါ ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် အတွက် နိုင်ငံဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ နိုင်ငံဝန်ထမ်းသစ္စာအဓိဋ္ဌာန်(၆)ချက်နှင့် နိုင်ငံဝန်ထမ်း ကျင့်ဝတ်များကို အလေးထားလိုက်နာ ဆောင်ရွက်ရန်၊ ရုံးလုပ်ငန်းများ ပီပြင်အောင် ဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို စည်းစည်းလုံးလုံးညီညွှတ်စွာ အားသွန်ခွန်စိုက်ကြိုးစား ဆောင်ရွက်ကြရန်၊ နိုင်ငံတော်အကြီးအကဲ၏ မှာကြားချက်ဖြစ်သည့် ချိုးခြံခြွေတာကြရန် မှာကြားလိုပါကြောင်း လမ်းညွှန်မှာ ကြားခဲ့ပါ သည်။

၎င်းနောက် ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြ ချက်များ အပေါ် ဒုတိယဝန်ကြီးက ပြန်လည်ဆွေးနွေးပေါင်းစပ်ပေးခဲ့ကြောင်း သိရှိရပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image