တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရန်ကုန်တိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်သည့် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားသို့တက်ရောက်၊ ရန်ကုန် ဩဂုတ် ၂၆
ရန်ကုန် 2023-08-29
Image

       တိုင်းဒေသကြီးအဆင့် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမအတွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးစောဒယ်နီရယ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသခံဌာနေ ကရင်တိုင်းရင်းသားများ၊ အခြားတိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ သံဃာတော် ဆရာတော်များနှင့် အထူးဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက် ကြပါသည်။

ပထမဦးစွာ အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေး အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် ဦးစောဒယ်နီရယ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးတို့က ဖားစည် (၉) ချက်တီးပြီး ကရင်လူငယ် (၉) ဦးတို့က ကျွဲချိုမှုတ်၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။

ဆက်လက်ပြီး ပထမဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေး အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက်  ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က နှုတ်ခွန်းဆက်စကားပြောကြားရာတွင် မြန်မာသက္ကရာဇ် ဝါခေါင်လဆန်း (၁) ရက်နေ့မှစတင်ပြီး ဝါခေါင်လပြည့်နေ့အထိ ကျင်းပလေ့ ရှိကြသည့် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားသည် ကရင်တိုင်းရင်းသား ဘိုးဘွားမိဘများ၏ အစဉ်အလာမပျက် လက်ဆင့်ကမ်းခဲ့ကြသည့် မင်္ဂလာတရားများနှင့် ပြည့်စုံသည့် ရိုးရာအမွေအနှစ်တစ်ခုပင်ဖြစ်ပါကြောင်း၊ မိသားစုများအားလုံး စည်းစည်း လုံးလုံးဖြင့် ပြန်လည်တွေ့ဆုံပြီး လက်ရည်တပြင်တည်းဖြစ်ခြင်း၊ နွေးနွေးထွေးထွေးဖြင့် ချစ်ကြည်ရင်းနှီးစည်းလုံးမှုများတိုးပွားစေခြင်းနှင့် ရိုးရာယဉ်ကျေးမှုထုံးတမ်းအစဉ်အလာ များကို ထိန်းသိမ်းဖော်ထုတ်ခြင်းတို့ဖြင့် ထူးမြတ်သည့်မင်္ဂလာအခမ်းအနားဖြစ်ပါကြောင်း၊ “ချည်ဖြူဖွဲ့မင်္ဂလာကျင်းပခြင်းဖြင့်” မကောင်းသည့်ဖြစ်ပျက်မှု၊ ဖြစ်စဉ်အကြောင်းအရာများ ပျောက်ပျက်ပြီး ကောင်းမွန်သည့်မင်္ဂလာတရားများ မိမိတို့ထံ သက်ဝင်ရောက်ရှိလာစေရန် ဆောင်ရွက်ကြသည့် ပွဲတော်လည်းဖြစ်ပါကြောင်း၊ ပွဲတော်အတွက် လိုအပ်သည့်အရာများမှာ ငှက်ပျောသီး၊ ကောက်ညှင်းထုပ်၊ ထမင်းဆုပ်၊ နတ်ပန်းညို၊ ချည်ဖြူ၊ သန့်စင်သောရေနှင့် ကြံပိုင်းတို့ဖြစ်ကြပြီး စနစ်တကျဆောင်ရွက်သည့် ပွဲတော်လည်းဖြစ်ပါကြောင်း၊ ဤအရာ များကိုကြည့်ခြင်းအားဖြင့် ကရင်တိုင်းရင်းသားများ၏စနစ်တကျစုပေါင်းညီညာ ဆောင်ရွက် တတ်မှု၊ လက်ဆင့်ကမ်းအမွေအနှစ်များ လွှဲပြောင်းပေးအပ်ခံယူတတ်မှုနှင့် ရိုးရာယဉ်ကျေးမှု များကို စနစ်တကျထိန်းသိမ်းဆောင်ရွက်တတ်မှုများကို တွေ့ရှိရမည်ဖြစ် ပါကြောင်း၊ မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်အနက် လူမှုရေးဦးတည်ချက်ပါ တစ်နိုင်ငံလုံး အသိပညာအတတ်ပညာ မြင့်မားတိုးတက်စေရေးနှင့် ကုန်ထုတ်လုပ်မှုအထောက်အကူပြု ပညာရှင်များထွန်းကား လာစေရေးတို့အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရေးဆိုသည့် ဦးတည်ချက်ကို အထောက်အကူပြုစေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသားဘာသာစာပေသင်ကြားမှုကို ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်နိုင်ရေး ကိစ္စနှင့် တိုင်းရင်းသားများအတွက် တိုက်ရိုက်အကျိုးခံစားစေမည့် လုပ်ငန်းများကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိဂုံးချုပ်အ‌နေဖြင့် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားနည်းတူ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုများ ထိန်းသိမ်းသည့် ပွဲတော်များကိုလည်း အစဉ်အလာနှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက် ပေးစေလိုပါကြောင်း၊ စည်းလုံးခြင်းသည်အင်အား၊ ပြည့်အင်အားသည် ပြည်တွင်း၌ သာရှိသည့် အတွက်တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆောင်ရွက်ပေးစေလိုပါကြောင်း၊ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်နှင့် ဒို့တာဝန်အရေး(၃)ပါးကို မထိခိုက်စေဘဲ ပြည်ထောင်စု အဓွန့်ရှည်တည်တံ့ခိုင်မြဲစေရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းပြည် သာယာဝပြောရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်၊ ဦးတည်ချက် (၉)ရပ်တို့နှင့်အညီ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ် များကို အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ ယနေ့ကျင်းပသည့် ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားသို့ တက်ရောက်ပေးကြသည့် ပြည်ထောင်စုဖွား ကရင်တိုင်းရင်းသားများနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကောင်းခြင်း မင်္ဂလာအဖြာဖြာနှင့်ပြည်စုံကြပါစေကြောင်းနှင့် ရပ်ရွာအကျိုး၊ တိုင်းပြည်အကျိုးကို ဆထက်ထမ်းပိုးအတူတကွ မိမိတို့ကျရာကျရာအခန်း ကဏ္ဍမှ  တာဝန်ထမ်းဆောင်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ခြင်းအကြောင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပြီး ပဲခူးရိုးမတောင်ပေါ်ဒေသနေ ကရင်လူမျိုးများ၏ ရိုးရာအိုး စည်အက၊ ကရင်ရိုးရာ တိုက်ကြီးမြို့နယ် ကရင်ရိုးရာဒုံးယိမ်းအကနှင့် မှော်ဘီမြို့နယ် ကရင်ဝါးညှပ် အကများနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)မှ တိုင်းရင်းသားဝန်ထမ်းများက စည်းလုံးခြင်းအတွက်သီချင်းဖြင့် ရိုးရာအကအလှများကို တင်ဆက်ဖျော်ဖြေခဲ့ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်တို့က ပွဲတော်ကျင်းပရေးကောင်မတီနှင့် တိုင်းရင်းသားရိုးရာအကအဖွဲ့များထံသို့ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။  ထို့နောက် ကရင်ဘိုးဘွားများက အခမ်းအနားသို့ တက်ရောက်လာ ကြသည့် ဧည့်သည်တော်များနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးတို့ကို ကရင်ရိုးရာချည်ဖြူဖွဲ့ပေးခဲ့ ကြပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် အဖွဲ့များသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ဆိပ်ခံဗောတံတားကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ဆိပ်ခံဗောတံတားတည်ဆောက် ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။ 

    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့များသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်း တိုင်းရင်းသားများ၏ ရိုးရာနေအိမ်များနှင့် နန်းမြင့်မျှော်စင်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့များသည် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ(ရန်ကုန်)နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားရာတွင် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာသည် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ထုံးတမ်း အစဉ်အလာများနှင့် အချို့သောကို သမိုင်းဝင်မှတ်တမ်းများကို တစ်နေရာတည်းတွင် စုစည်း၍ လေ့လာသိရှိမှတ်သားနိုင်စေရန် မီးမှောင်းထိုး ပြသဖော်ကျူးထားသည့်နေရာ ဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် ယခုထက်ပိုမိုကောင်းမွန်အောင် စောင့်ကြပ်ကြည့်ရှု ပြုပြင်ထိန်းသိမ်းခြင်း၊ မွမ်းမံခြင်းနှင့် လာရောက်လေ့လာကြည့်ရှုသည့် ပြည်သူလူထု များကိုလည်း စစ်မှန်သောပြည်ထောင်စုစိတ်ဓါတ်ဖြင့် စနစ်တကျ ရှင်းလင်းတင်ပြတတ်ရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို ဥယျာဉ်သဖွယ် စိန်းလမ်းစိုပြည် သာယာလှပရေးအတွက် ယခုထက်ပိုမိုပြုပြင်ထိန်းသိမ်းရန်လိုအပ်သည့် လုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တင်ပြတောင်းခံသွားရန်လိုအပ်ကြောင်း၊ ထို့အပြင် နိုင်ငံတော်ဘဏ္ဍာငွေများကို လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျမှန်ကန်စွာသုံးစွဲရေး၊ အလေအလွင့်နှင့် မသမာမှုများမရှိစေရေးကို အလေးဂရုပြုရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်း များသည် မိမိတို့ရာထူးအဆင့်နှင့်လျော်ညီစွာ စွမ်းဆောင်ရည်မြှင့်မားကြရန်လိုအပ် ပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအဆင့်မြှင့်တင်ရာတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အနီးကပ်ကြီးကြပ်ကွပ်ကဲပြီး ကူညီပံ့ပိုးခဲ့သည့် အစဉ်အလာ ကောင်းများရှိခဲ့၍ ရှေ့ဆက်ပြီး အကောင်းဆုံးအနေအထားပုံစံဖြစ်အောင် လက်တွဲပေါင်းစပ် ညှိနှိုင်းဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသား လူမျိုးရေးရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှပြဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီသာ စနစ်တကျမှန်ကန်စွာ ဆောင်ရွက်တတ်ရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းများပီပီ ဝန်ထမ်းသစ္စာအဓိဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)အပြင် ခြိုးခြံချွေတာရေးမူများကိုလည်း လိုက်နာစောင့်ထိန်းတတ်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ စစ်မှန်သော ပြည်ထောင်စုစိတ်ဓါတ်နှင့် ဒို့တာဝန်အရေး(၃)ပါးတို့ကို မထိခိုက် စေဘဲ လိုက်နာကျင့်သုံးကြရမည်ကိုလည်း အထူးအလေးထားဂရုပြုရမည်ဖြစ်ကြောင်း၊ နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်း များတွင် ဝန်ထမ်းများအားလုံးက မိမိတို့ကျရာကဏ္ဍမှ အစွမ်းကုန် ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ဝန်ထမ်းများနှင့် ဌာနဆိုင်ရာလိုအပ်ချက်များကို ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့က ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image