တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဝန်ထမ်းများနှင့်တွေ့ဆုံအမှာစကားပြောကြား ပုသိမ်/ပဲခူး ဩဂုတ် (၂၆/၂၇)
ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး 2023-08-28
Image

တိုင်ရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဩဂုတ်လ (၂၆) ရက်နေ့နှင့် ၂၇ ရက်နေ့များတို့တွင် တိုင်းရင်းသား လူမျိုး များရေးရာဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဌာနေဒေသအတွင်းရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားခဲ့သည်။

တွေ့ဆုံပွဲအခမ်းအနားတွင်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောလင်းအောင်၊  ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးရှိ ဌာနေဒေသတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တွေ့ဆုံ အမှာစကား ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏စာပေနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာများကို ဆောင်ရွက် ခြင်းနှင့်စစ်မှန်သော ပြည်ထောင်စုစိတ်ဓါတ်တိုးတက်ခိုင်မာလာစေရေးအတွက် ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် လုပ်ငန်းတာဝန်များကို နိုင်ငံတော်က ပြဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊  ၂၀၂၃-၂၀၂၄ ခုနှစ်တွင် တိုင်းရင်းသားဘာသာသင် Teaching Assistant (TA) နှင့် Language Teacher (LT) ဆရာ/ဆရာမများခန့်ထားရာ၌ ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် တစ်နိုင်ငံလုံး (၂၂၄၅) ဦးအနက် စုစုပေါင်း (၇၂၄)ဦး ရွေးချယ်ခံရသည့်အတွက် (၃၂.၂၅)%  ရရှိထားသည်ကို တွေ့ရှိရပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားဘာသာသင် Teaching Assistant (TA) နှင့် Language Teacher (LT) ဆရာ/ဆရာမများခန့်ထားရာ၌ တစ်နိုင်ငံလုံး (၂၂၄၅) ဦးအနက် စုစုပေါင်း (၈၈)ဦး ရွေးချယ်ခံရသည့်အတွက် (၃.၉)%  ရရှိထားသည်ကိုတွေ့ရှိရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်အနက် လူမှုရေးဦးတည်ချက်ပါ တစ်နိုင်ငံလုံး အသိပညာအတတ်ပညာ မြင့်မားတိုးတက်စေရေးနှင့် ကုန်ထုတ်လုပ်မှုအထောက်အကူပြု ပညာရှင်များထွန်းကား လာစေရေးတို့အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရေးဆိုသည့် ဦးတည်ချက်ကို အထောက်အကူပြုစေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တိုင်းရင်းသားဘာသာစာပေသင်ကြားမှုကို ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့များ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်နိုင်ရေး ကိစ္စနှင့် တိုင်းရင်းသားများအတွက် တိုက်ရိုက်အကျိုးခံစားစေမည့် လုပ်ငန်းများကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာ၌ မြေလွတ်၊ မြေလတ်၊ မြေရိုင်းများတွင် ဆောင်ရွက်မည့်လုပ်ငန်းများတွင်လည်း တိုင်းရင်းသားများ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ သက်ဆိုင်သည့်မြေများ ပါဝင်မှုရှိ/မရှိ အချိန်နှင့် တပြေးညီ ကွင်းဆင်းစိစစ်ပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေလွတ်၊ မြေလတ်၊ မြေရိုင်းများစီမံခန့်ခွဲမှုဗဟိုကော်မတီသို့ သဘောထားမှတ်ချက်များ ပြန်ကြားဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာ၏ အဓိကလုပ်ငန်း ဖြစ်သည့် တိုင်းရင်းသားရေးရာနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်နှင့် တိုင်းရင်းသားအချင်းချင်း (သို့မဟုတ်) တိုင်းရင်းသားလူမျိုးများ အကြား ဖြစ်ပွားသည့် အငြင်းပွားမှုများကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးများထံ တာဝန်ခွဲဝေ အပ်နှင်းထားပြီး ဖြစ်ပါကြောင်း၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ညီညွတ်စွာ တင်ပြဆောင်ရွက်နိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။

၎င်းနောက် ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း၊ ချင်း(အရှို)စာပေနှင့်ယဉ်ကျေးမှုအသင်းနှင့် ရခိုင်စာပေနှင့်ယဉ်ကျေးမှု အသင်းနှင့် မွန်စာပေနှင့်ယဉ်ကျေးမှုအသင်းတို့က တိုင်းရင်းသား ရေးရာကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးတင်ပြကြရာ သက်ဆိုင်ရာ ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးများဖြစ်သော ဦးစောလင်းခယ်နှင့် ဦးစောလင်းအောင်၊  တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ထပ်မံပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး တို့က ကရင်၊ ချင်း (အရှို)၊ မွန်နှင့် ရခိုင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များတို့အား တိုင်းရင်းသားရေးရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ ငွေများ ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးကြပါသည်။

ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးရှိ ဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က မှာကြားရာတွင် ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားလူမျိုးရေးရာလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ပြဌာန်းထားရှိသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီသာ စနစ်တကျမှန်ကန်စွာ ဆောင်ရွက် တတ်ရန်လိုအပ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းများပီပီ ဝန်ထမ်းသစ္စာအဓိဌာန် (၆) ချက်၊ ကျင့်ဝတ်အပါး (၃၀)အပြင် ခြိုးခြံချွေတာရေးမူများကိုလည်း အထူးလိုက်နာ စောင့်ထိန်း တတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ဘဏ္ဍာငွေများ ထိခိုက်နစ်နာမှု မဆုံးရှုံးစေရေးအတွက် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း စည်းမျဉ်းများနှင့်အညီ စနစ်တကျ သုံးစွဲတတ်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လျှို့ဝှက်အက်ဉပဒေများကိုလည်း အစဉ်မမေ့မလျော့ သတိရှိစွာဖြင့် လိုက်နာရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းဘဝ တိုးတက်ရေးအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားရေးနှင့် အရည်အချင်းထက်မြက်ရေး အတွက် လေ့လာသင်ယူဆည်းပူးမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့်အပြင် မိမိရာထူးအဆင်အတန်းနှင့်လျော်ညီစွာ လုပ်ငန်းတာဝန်ဝတ္တရားများကို ကျေပွန်အောင် ဆောင်ရွက်တတ်ရန်လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။  

နိဂုံးချုပ်အနေဖြင့် စစ်မှန်သောပြည်ထောင်စုစိတ်ဓါတ်ဖြင့် ဒို့တာဝန်အရေးသုံးပါးကို မထိခိုက်စေဘဲ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုအခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များ၌ မိမိတို့ကျရာကဏ္ဍမှ မွန်မြတ်သောအပြုသဘော စိတ်ထားဖြင့် အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။


Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image
Image