တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အရာထမ်း၊ အမှုထမ်းများ တွေ့ဆုံပွဲ (၁/၂၀၂၃) ကျင်းပခြင်း နေပြည်တော် ဩဂုတ် ၁၇
နေပြည်တော် 2023-08-17
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အရာထမ်း၊ အမှုထမ်းများ တွေ့ဆုံပွဲ (၁/၂၀၂၃) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းအဖွဲ့အစည်းများတွင် အထက်အကြီးအကဲ အရာထမ်းများနှင့် အမှုထမ်း ဝန်ထမ်းများအားလုံး မျက်နှာချင်းဆိုင် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ရင်ဆိုင်တွေ့ကြုံနေ ရသည့် အခက်အခဲများကို  ဝန်ထမ်း စည်းမျဉ်း စည်းကမ်းဘောင်အတွင်းမှ ဖြေရှင်း‌ဆောင်ရွက် နိုင်ရန် ယခုတွေ့ဆုံပွဲကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းရည်မှန်းချက်မှာ သတ်မှတ်ပြဋ္ဌာန်းထားရှိသော ဥပဒေနှင့်အညီ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများ ကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားရေးရာများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက် ခြင်းနှင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေပြီး တိုင်းရင်းသားများ၏ လူမှု စီးပွားဘဝမြင့်မားတိုးတက်စေရန် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ တိုင်းပြည်သာယာဝပြောရေး၊ အေးချမ်းတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို အထောက်အကူ ပြုစေရန် တိုင်းရင်းသားနှင့် နိုင်ငံ့ဝန်ထမ်းကောင်းများပီပီ ကျရာကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်း  ဆောင်ရွက်ကြရန်လိုအပ်မည် ဖြစ်ပါကြောင်း၊ ထို့အပြင်  နိုင်ငံတော်မှ ပြဋ္ဌာန်းထားရှိသည့် ဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ် (၃၀) ပါးနှင့် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆) ချက်တို့ကို စောင့်ထိန်းလိုက်နာရန်နှင့် အထူးသဖြင့် ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းရန်လည်း လိုအပ်ပါကြောင်း၊ ဝန်ထမ်းရေးရာနှင့် ဌာနလုပ်ငန်းကိစ္စ ရပ်များ၊ အခက်အခဲနှင့် စိန်ခေါ်မှုများနှင့်ပတ်သက်၍  တင်ပြလိုသည်များကို ယနေ့တွေ့ဆုံပွဲတွင် ပွင့်လင်းစွာ တင်ပြကြရန်ဖြစ်ပါကြောင်း ပြောကြားပါသည်။

ထို့နောက် ဒုတိယဝန်ကြီးဦးဇော်အေးမောင်က မြန်မာ့ပထဝီနိုင်ငံရေး၊ ကမ္ဘာ့ပထဝီနိုင်ငံရေး နှင့်မြန်မာနိုင်ငံကြုံတွေ့ခဲ့ရသည့် သမိုင်းကြောင်းများကို ရှင်းလင်းဆွေးနွေးပြီး ယနေ့ခေတ် လူငယ်များသည်  မြန်မာနိုင်ငံ၏ သမိုင်းကြောင်းအမှန်ကို သိရှိရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်း များအနေဖြင့် မိမိတို့၏ အရည်အသွေး မြှင့်တင်နိုင်ရန်အတွက် ရိုးသားခြင်း၊  ကြိုးစားခြင်း၊ လုံ့လဝီရိယရှိခြင်း၊ လုပ်ငန်းကျွမ်းကျင်မှုရှိခြင်း၊ စည်းစနစ်ကျနမှုရှိခြင်းတို့ လိုအပ်ပါကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် အစိုးရ၊  ဝန်ထမ်း၊ ပြည်သူများအားလုံး ညီညွတ်စွာ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း များက မိမိတို့၏ အခက်အခဲများ၊ လိုအပ်ချက်များကို တင်ပြကြရာ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်တို့က ရှင်းလင်းဖြေကြားပြီး ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ဝန်ထမ်းများ အနေဖြင့် နိုင်ငံ့တာဝန်ထမ်းဆောင်ရာတွင် ကျန်းမာရေးကို အထူးဂရုစိုက်ရန် လိုအပ်ပါကြောင်း၊  နိုင်ငံတော်၏မူဝါဒနှင့် ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များကို စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်ကို ခံယူလျက် ဒို့တာဝန်အရေး (၃) ပါးကို မထိခိုက်စေဘဲ တိုင်းပြည်သာယာဝပြောရေး၊ တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံ့အကျိုးများကို ရှေ့ရှုပြီး ကျရာကဏ္ဍမှ ကောင်းမွန်အောင် ကြိုးစား ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားပြီး   အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး နေ့လယ်စာကို လက်ရည် တပြင်တည်း အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

Image
Image
Image
Image
Image
Image
Image
Image
Image
Image