တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်” ကို ၂၁-၇-၂၀၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ လုံရုံးကျေးရွာအုပ်စု၊ ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ လူမျိုးပြုန်းတီးမှုကို တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာကိစ္စရပ်များ၊ အမုန်းစကားနှင့် အကြမ်းဖက်လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေးကိစ္စရပ်များကို လည်းကောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးဝင်းနိုင်က မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာအန္တရာယ်နှင့် သက်ဆိုင်သည့်ကိစ္စရပ်များကို လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နောင်ချိုမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက အမျိုးသမီး အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးကိစ္စရပ်များ၊ လူမှုရေးပင်စင်စသည့် ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းပြောကြား ခဲ့ပါသည်။
ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးယိုင်လွတ်က ရပ်ရွာ အခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း စစ်တမ်းကောက် ယူရခြင်း ရည်ရွယ်ချက်နှင့် စစ်တမ်းဖြေဆိုပုံ မေးခွန်းများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် စစ်တမ်းကောက်ယူခဲ့ရာ ဒေသခံတိုင်းရင်းသား(၁၀၀)ဦးမှ ဖြေဆိုခဲ့ကြကြောင်း သိရှိရပါသည်။