မဲခေါင်လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ”ရှိ ထမင်းစားဆောင်နှင့် အလုပ်ရုံ အဆောက်အဦ ပန္နက်တင် မင်္ဂလာအခမ်းအနားကို (၁၂-၇-၂၀၂၃)ရက်နေ့၊ နံနက် (၈:၀၀)တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၂)ရပ်ကွက်၊ ခပေါင်းရေကြည်ရပ်၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ရှမ်းပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင် းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Deputy Chief of Mission, Ms. Cao Jeng နှင့်တာဝန်ရှိသူများ၊ တိုင်းရင်းသားအခွင့် အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်း ညှိနှိုင်းရေး အဖွဲ့(မြန်မာ)မှ တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်း/အဖွဲ့/ ကော်မတီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်၊ ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ နှစ်ထပ်အဆောက်အဦကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) အထောက်အပံ့ဖြင့် ဆောက် လုပ်ခဲ့ပြီး ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် လေးထပ်အဆောက်အဦ တိုးမြှင့်ရန်အတွက် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေကျပ် (၇၈၅.၇၃၅) သန်းဖြင့် တင်ဒါအောင်မြင်သည့် မိုးယံဝင့်ချီကုမ္ပဏီလိမိတက်က တာဝန်ယူတည်ဆောက်သွားမှာ ဖြစ်ပါကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁)၏ ကျန်ငွေဖြစ်သည့် ကျပ်(၉၀.၂၃၈)သန်းဖြင့် စင်တာအဆောက်အဦအတွက် ဖြည့်စွက်လုပ်ငန်းများကို ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) ၏ ထောက်ပံ့ရန်ပုံငွေ ကျပ် (၅၃၉.၅၁၅) သန်းဖြင့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေး ပညာသင်တန်းစင်တာ၏ ဖြည့်စွက်လုပ်ငန်းများ ဖြစ်သည့် ကားပါကင်၊ ကွန်ကရစ်လမ်း၊ အုတ်ရေမြောင်း၊ အုတ်ပလက်ဖောင်း၊ အုတ်တံတိုင်းကာရံခြင်း၊ အဝီစိတွင်းတူးဖော်ခြင်း၊ အလုပ်ရုံ အဆောက်အဦနှင့် ထမင်းစားဆောင်ဆောက်လုပ်ခြင်း စသည့်လုပ်ငန်းများကိုလည်း ဆောင်ရွက် သွားမှာ ဖြစ်ပါကြောင်း၊ စင်တာပါ ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာတွင် အပြီးသတ်ရန် တွန်းအားပေး ဆောင်ရွက်သွားမှာဖြစ်ပြီး ၂၀၂၄ ခုနှစ် ရှမ်းပြည်နယ်နေ့တွင် စင်တာ ဖွင့်ပွဲနှင့်အတူ သက်မွေးသင်တန်းများကိုလည်း စတင်ဖွင့်လှစ်သွားရန် စီစဉ်ထားရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Deputy Chief of Mission, Ms. Cao Jeng က“ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ” မှ ရှမ်းပြည်နယ်နေ ပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းပညာ စွမ်းရည် လေ့ကျင့်မှုပေးပြီး ပိုမိုကောင်းမွန်စွာ လုပ်ငန်းခွင်ဝင်နိုင်ကာ လူနေမှုဘဝကောင်းမွန်လာစေရန်နှင့် လူမျိုးစုများ ကူးလူးဖလှယ်ရေးအတွက် ပလက်ဖောင်း ထောက်ပံ့ပေးကာ အပြန်အလှန် နားလည်ယုံကြည်မှုနှင့် ပေါင်းစပ်ဖလှယ်မှုကို မြှင့်တင်ပေးနိုင်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Deputy Chief of Mission, Ms. Cao Jeng အား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ပြီး မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။
ဆက်လက်ပြီး ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပရာ ထမင်းစားဆောင်နှင့် အလုပ်ရုံ အဆောက်အဦတို့ကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ရှမ်းပြည်နယ် တရား လွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ Deputy Chief of Mission, Ms. Cao Jeng ၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမင်းအေးကိုတို့က မင်္ဂလာပန္နက်တိုင်များတွင် ပန္နက်ရိုက်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြပြီးနောက် အဆောက်အဦအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။
ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Deputy Chief of Mission, Ms. Cao Jeng အား “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့်သက်မွေးပညာသင်တန်း စင်တာ” တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး နံနက်(၁၀:၀၀)တွင် အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။