တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူး၍ "တိုင်းရင်းသား အခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေး ဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကိုဆန်းစစ်စီမံခြင်းအစီအစဉ်" ကို (၁၄-၇-၂၀၂၃) ရက်နေ့တွင် လှိုင်းဘွဲ့မြို့နယ်၊ ဒိုင်းပြကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စိုးက တိုင်းရင်းသားလူမျိုး များ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများ၊ ရှေ့လုပ်ငန်းစဉ်များ၊ မဟာဗျူဟာများအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ခန့်က ဦးစီးဌာနမှ ဖွင့်လှစ်ထားသော ရိုးရာရက်ကန်းသင်တန်း၊ ဂျပ်ခုတ်သင်တန်း၊ အခြေခံအိမ်တွင်းမှု စားသောက်ကုန် သင်တန်းများအကြောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုင်းညီသောင်းစိန်က တိုင်းရင်းသားဘာသာသင် ဆရာ/ ဆရာမ Teaching Assistant (TA) နှင့် Language Teacher (LT) များခန့်အပ်ထားမှုကိစ္စများ၊ ပြည်နယ်အစိုးရရန်ပုံငွေဖြင့် တိုင်းရင်းသားဘာသာသင်စာအုပ် (G1,G2,G3) ထုတ်ဝေဖြန့်ဝေလျက်ရှိကြောင်းကိုလည်းကောင်း၊ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းလှိုင်က ကလေးသူငယ်အခွင့်အရေးများ၊ အမျိုးသမီးအခွင့်အရေးများ၊ နိုင်ငံသားအခွင့်အရေးများ၊ မသန်စွမ်းအခွင့်အရေးများ၊ အသက် (၇၅)နှစ်အထက်လူမှုရေးပင်စင်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ထောက်ပံ့ပေးမှုကိစ္စများကို လည်းကောင်း၊ ကရင်စာပေယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းအဖွဲ့မှ အဖွဲ့ဝင် ဦးစိုးအောင်က ကရင်စာပေယဉ်ကျေးမှုအသင်းမှ ဆောင်ရွက်နေမှုများ၊ စာပေတိုးတက်ပြန့်ပွားရေး ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးဟိန်းထက်ကျော်က အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးခြင်းဆိုင်ရာ အသိပညာပေးခြင်းကိစ္စများ စစ်တမ်းကောက်ယူရခြင်းလုပ်ငန်းစဉ်၊ ရည်ရွယ်ချက်နှင့် စစ်တမ်းဖြေဆိုပုံ မေးခွန်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ရွာအခြေပြုအသက် မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို စစ်တမ်း ကောက်ယူခဲ့ရာ တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသား (၁၀၅) ဦးက ဖြေဆိုခဲ့ကြပါသည်။
ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးထံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများစာအုပ်ကို ပေးအပ်ခဲ့ပါသည်။ အခမ်းအနားသို့ ကရင် စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းမှ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတိုင်းရင်းသားများ၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။