တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ထူးချွန်ကျောင်းသား ဂုဏ်ပြုခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးနှင့် စာရေးကိရိယာများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယအမြဲတမ်းအတွင်း ဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ဦးစွာပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ လူသားတိုင်းသည် ဘဝတိုးတက်မှုကို လိုလားကြပြီး အဓိက လိုအပ်ချက်ဖြစ်သည့် အသိပညာ၊အတတ်ပညာများကိုအမြဲမပြတ်လေ့လာကြိုးစားအားထုတ်ကြရမည်ဖြစ်ပါကြောင်း၊ စာပေဗဟုသုတ၊ဘာသာစကားနှင့်နည်းပညာပိုင်းဆိုင်ရာများကို အချိန်နှင့်အမျှ အကျိုးရှိစွာ လေ့လာသင်ယူနေရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကကျောင်းနေအရွယ် ကလေးများအားလုံးကျောင်းနေရေးနှင့် အနည်းဆုံး KG+9 ပြီး မြောက်အောင်ပညာသင်ယူရေး၊ကျောင်းထွက်နှုန်းလျော့နည်းစေရေးတို့ကိုစဉ်ဆက်မပြတ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာသည် နိုင်ငံ၏အနာဂတ်၊ နိုင်ငံ၏ မီးရှူးတန်ဆောင် အလင်းရောင်ဖြစ်ပြီး ပညာဖြင့် မိမိတို့ဘဝနှင့် နိုင်ငံ တော်ကိုတည်ဆောက်ရမည်ဖြစ်၍ မိဘများအနေဖြင့်မိမိတို့၏သားသမီးများ၏ပညာရေးကိုဆုံးခန်းတိုင်အောင် သင်ယူ ပြီး မြောက်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်နှင့် စံနမူနာပြဖြစ်သည့်မိခင်ကောင်း ဖခင်ကောင်းများအဖြစ် ပြုမူနေထိုင် ကြရမည်ဖြစ်ပါကြောင်း၊ခေတ်မီဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာ၊ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်များနှင့်ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သည့် ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်နိုင်ရန် ဦးတည်ကြိုးပမ်းလျက်ရှိရာ သားငယ်သမီးငယ်များက ပညာရေးကိုအစွမ်းကုန်ကြိုးစားဆောင် ရွက်ခြင်းဖြင့်နိုင်ငံတော်သစ်တည်ဆောက်ရေးတွင်တစ်တပ်တစ်အားပါဝင်ကြစေလိုပါကြောင်း၊ထို့အပြင် သက်ဆိုင်ရာ စာသင်ကျောင်းများ ၌ပညာသင်ကြားရာတွင်ကိုဗစ်-၁၉ရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါများကို ညွှန်ကြားချက်များနှင့်အညီ လိုက် နာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တိုးတက်ပြောင်းလဲနေသည့် အတတ်ပညာ၊ နည်းပညာသစ်များနှင့် ရင်ဘောင်တန်းနိုင်ရန် အစဉ် ကြိုးစားပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြား သုံးသပ်နိုင်သော တိုင်းပြည်ကို အကျိုးပြုမည့် သားကောင်းရတနာ သမီးကောင်းရတနာများ ဖြစ်စေရေး ကြိုးစားအားထုတ်ကြစေလိုပါကြောင်း ပြောကြား ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ယခုကဲ့သို့ထောက်ပံ့ပေးအပ်ခြင်းသည်ဝန်ထမ်းများ၏သားသမီးများကိုရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ခွန်အားပေးခြင်းဖြစ်ပါကြောင်း၊ ပညာကို မွေးဖွားသည်မှစ၍ သေဆုံးသည်အထိ လေ့လာသင်ယူနေကြရမည်ဖြစ်ပါကြောင်း၊ပညာကိုလေ့လာသင်ယူ၍ မိမိကောင်းကျိုး၊ နိုင်ငံကောင်းကျိုး၊ လူသားများကောင်းကျိုးအတွက် အသုံးချရန်လိုအပ်ပြီး မကောင်းသောနေရာများတွင် အသုံးမချမိစေရေးအတွက် သတိပြုရမည် ဖြစ်ပါကြောင်း၊ လူသားများ ၏ဘဝတွင်အရွယ်(၃)ပါးရှိပြီးပထမအရွယ်သည်ပညာရှာရမည့် အရွယ်ဖြစ်သဖြင့် ပညာကိုအပတ်တကုတ် ကြိုးစားလေ့လာ သင်ယူရမည်ဖြစ်ပါကြောင်း၊ အရွယ်(၃)ပါးတွင် သူ့နေရာနှင့်သူ ပညာကို ဆက်လက်သင်ယူရန်လိုအပ်ပါကြောင်း၊မိမိ ဆောင် ရွက်ရမည့် တာဝန်နှင့်ဝတ္တရားများကိုလည်းကျွမ်းကျင်ပြီး မိမိသင်ကြားတတ်မြောက်ထားသည့်ပညာပေါ်တွင်သတိ၊ သမာဓိ၊ သီလ၊သဒ္ဓါ၊ ဝီရိယများထား၍ နိုင်ငံတော်ကို အကျိုးပြုသည့်နိုင်ငံ့သားကောင်းသမီးကောင်းများဖြစ်အောင် လေ့လာကြိုးစား ကြရမည် ဖြစ်ပါကြောင်း ပြောကြားပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် (၄) ဘာသာ ဂုဏ်ထူးရရှိသော ထူးချွန်ကျောင်းသားအား ဂုဏ်ပြုချီးမြှင့်ပါသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးကပြည်ထောင်စုဝန်ကြီးရုံးမှဝန်ထမ်းများ၏သားသမီးအခြေခံပညာ ကျောင်းသား ကျောင်း သူ များ ကိုယ်စား အမြဲတမ်းအတွင်းဝန်အားလည်းကောင်း၊ ဒုတိယဝန်ကြီးက ဦးစီးဌာနများမှ ဝန်ထမ်းများ၏ သားသမီး အခြေခံပညာ ကျောင်းသားကျောင်းသူများ ကိုယ်စားတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်အားလည်းကောင်း ပညာ သင်ထောက်ပံ့ကြေးနှင့်စာရေးကိရိယာများ ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။